ဘန်ကောက်၊ နိုဝင်ဘာ ၁၈

ထောင်ချခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာပိုင်ဆိုင်တဲ့ ဆက်သွယ်ရေး လုပ်ငန်းကို ရောင်းချမှုအတွက် အခွန်ပေးရမယ်လို့ ထိုင်းနိုင်ငံတော် တရားရုံးက နိုဝင်ဘာ ၁၇ ရက်မှာ ညွှန်ကြားလိုက်ပြီး သူပေးဆောင်ရမယ့် ငွေပမာဏ ကန်ဒေါ်လာ သန်း ၅၀၀ အထိ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

၂၀၀၆ ခုနှစ်အတွင်း သက်ဆင်ဟာ အကျင့်ပျက် ခြစားမှု စွပ်စွဲချက်တွေနဲ့ စွဲချက်တင်ခံခဲ့ရပြီး သူ့ ကုမ္ပဏီ Shin Corp ရဲ့ ရှယ်ယာတွေကို အခွန်မဆောင်ဘဲ ရောင်းချမှုနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။

အဲဒီနှစ် နှောင်းပိုင်းမှာ သူဟာ အာဏာသိမ်းမှုအတွင်း ဝန်ကြီးချုပ်ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး ဆယ်စုနှစ် တစ်စုကျော်ကြာတဲ့အထိ ပြည်ပမှာ တိမ်းရှောင်နေခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ဖြစ်တဲ့ အသက် ၇၆ နှစ်အရွယ် နိုင်ငံရေးသမား သက်ဆင်ဟာ သူအာဏာရှိစဉ်ကာလအတွင်း အကျင့်ပျက်ခြစားမှုအတွက် ဘန်ကောက်မှာ လောလောဆယ် ထောင်ဒဏ်ကျခံနေရပါတယ်။

အခွန်အမှုအတွင်း အယူခံ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတော်တရားရုံးက နိုဝင်ဘာ ၁၇ ရက် ပြန်ပြင် အမိန့်ချခဲ့တာကြောင့် သက်ဆင်အနေနဲ့ ဝင်ငွေဌာနသို့ အခွန် ပေးဆောင်ရတော့မှာ ဖြစ်တယ်လို့ တရားရုံး ပြောရေးဆိုခွင့်ရှိသူ ဆူရီယန်က AFP သတင်းဌာနသို့ ပြောပါတယ်။

တရားရုံးက အခုလို ဆုံးဖြတ်ရတဲ့ အကြောင်းရင်းကိုရော သက်ဆင် ပေးဆောင်ရမယ့် အခွန်ငွေ ပမာဏကိုရော ပြောခွင့်ရ ဆူရီယန်က ထုတ်မပြောပါဘူး။

သတင်းမီဒီယာတွေ အများကြီးကတော့ သက်ဆင်အနေနဲ့အခွန်တွေအပြင် ဒဏ်ကြေး ကန်ဒေါ်လာ သန်း ၅၄၀ ပေးဆောင်ရလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

အကောက်ခွန် အရာရှိတွေက သက်ဆင် ပေးဆောင်ရမယ့် အခွန် ပမာဏကို ၂၀၁၇ ခုနှစ်မှာ ကန်ဒေါ်လာ သန်း ၅၀၀ သို့ လျှော့ချ သတ်မှတ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ လူပြိန်းကြိုက် နိုင်ငံရေးသမားနဲ့ စစ်တပ် အင်အားစုတွေကြား နိုင်ငံရေးဆိုင်ရာ အငြင်းပွားမှု ဗဟိုချက်နေရာမှာ ရှိနေတဲ့ အငြင်းပွားမှု ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။

Shin Corp ကုမ္ပဏီကို စင်ကာပူနိုင်ငံရှိ Temasek Holdings ကုမ္ပဏီထံ ၂၀၀၆ ခုနှစ်မှာရောင်းချမှုအတွက် သက်ဆင် အခွန်ဆောင်သင့်သလားဆိုတာက အဓိက အငြင်းပွားနေတဲ့ ကိစ္စ ဖြစ်ပါတယ်။

သူ့ကို ရာထူးက ထုတ်ပယ်ခဲ့တဲ့ အာဏာသိမ်းမှုအတွင်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး သက်ဆင် ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကြား နှစ်များစွာကြာ ပဋိပက္ခတွေ ဖြစ်ပြီး နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ရှင်နာဝါထရာ မိသားစုဟာ ထိုင်းနိုင်ငံရဲ့ စစ်တပ်လိုလားတဲ့ နန်းတော် လိုလားတဲ့ ထိပ်တန်းလွှာရဲ့ အဓိကရန်သူ ဖြစ်ခဲ့တာ ဆယ်စုနှစ် နှစ်စုကျော် ကြာမြင့်ခဲ့ပါတယ်။

ဒါပေမဲ့ သက်ဆင်ရဲ့သမီး ဖြစ်သူ ပေသွန်ထန် ဝန်ကြီးချုပ် ရာထူးက ထုတ်ပယ်ခံရမှု အပါအဝင် ရှင်နာ ဝါထရာ မိသားစုဟာ ဥပဒေဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ ဆုတ်ယုတ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ပါတယ်။

ပေသွန်ထန်ဟာ ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားခဲ့တဲ့ နယ်စပ် ပြဿနာကို ကိုင်တွယ်ရာမှာ ကျင့်ဝတ် ချိုးဖောက်တယ်ဆိုပြီး တရားရုံးက သြဂုတ်လအတွင်း ဝန်ကြီးချုပ်ရာထူးကနေထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.