ဘေဂျင်း၊ နိုဝင်ဘာ ၁၈

ထိုင်ဝမ်နဲ့ပတ်သက်တဲ့ ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအီချီရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ အာရှရဲ့ အကြီးမားဆုံး စီးပွားရေး နှစ်နိုင်ငံကြား အငြင်းပွားမှု အရှိန်မြင့်တက်လာနေချိန် ဂျပန်အစိုးရက တရုတ် နိုင်ငံရှိ ဂျပန်နိုင်ငံသားတွေအနေနဲ့ လူများတဲ့နေရာတွေကို ရှောင်ရှားကြဖို့နဲ့ ဘေးကင်းရေး ကြိုတင် သတိထားကြဖို့ သတိပေးလိုက်ပါတယ်။

တင်းမာမှုလျှော့ချနိုင်ရေး တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေနဲ့ ဆွေးနွေးဖို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦး နိုဝင်ဘာ ၁၈ ရက်က ဘေဂျင်းသို့ သွားရောက်ချိန်မှာ တရုတ် နိုင်ငံရှိ ဂျပန်သံရုံးရဲ့ အခုလို သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တရုတ်က သူတို့နိုင်ငံသားတွေကို ဂျပန်နိုင်ငံသို့ မသွားကြဖို့ တိုက်တွန်းထားတာကြောင့် လောလောဆယ် ဂျပန်သို့ လာရောက်တဲ့ ခရီးသွားတွေထဲ တရုတ်နိုင်ငံသား အရေအတွက် လေးပုံ တစ်ပုံ ရှိတာကြောင့် ဂျပန် စီးပွားရေးကို ထိခိုက်စေနိုင်ပါတယ်။

ဂျပန်ရဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း နယ်ပယ်နဲ့ ဆက်စပ်တဲ့ ရှယ်ယာဈေးတွေ လျော့ကျသွားခဲ့ပါတယ်။

တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လာရင် ဂျပန် ဆက်လက် ရှင်သန်ရေး အန္တရာယ် ကျရောက်လာမှာ ဖြစ်တာကြောင့် စစ်ရေးအရ တုံ့ပြန်ရလိမ့်မယ်လို့ ဝန်ကြီးချုပ် တာကာအီချီက အခုလအတွင်း ဂျပန် လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပြီးနောက် အရှေ့အာရှ အင်အားကြီး နှစ်နိုင်ငံကြား အပြင်းထန်ဆုံး သံတမန်ရေး အငြင်းပွားမှု တစ်ခု ဖြစ်ပေါ်နေပါတယ်။

ဂျပန်ရှိ တရုတ်သံတမန် တစ်ဦးက တာကာအီချီကို ခေါင်းဖြတ်ပစ်မယ်လို့ လူမှုမီဒီယာမှာ ခြိမ်းခြောက်ခဲ့ပြီး ဂျပန်ရဲ့ကန့်ကွက်မှုနဲ့အတူ အဲဒီ ဖော်ပြချက်ကို နောက်ပိုင်းမှာ ပြန်ဖြုတ်ချသွားခဲ့ပါတယ်။

တရုတ်နိုင်ငံရှိ မိမိတို့ နိုင်ငံသားတွေအနေနဲ့ ဒေသဆိုင်ရာ အစဉ်အလာတွေကို လေးစားကြဖို့နဲ့ တရုတ် နိုင်ငံသားတွေနဲ့ အပြန်အလှန် ဆက်ဆံရာမှာ သတိထားကြဖို့ တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံရုံးက တိုက်တွန်းထားပါတယ်။

အပြင်ထွက်ချိန်မှာလည်း ဘေးပတ်ဝန်းကျင်ကို သတိထားကြဖို့ တစ်ယောက်တည်း အပြင် မထွက်ကြဖို့နဲ့ ကလေးတွေနဲ့ ခရီးသွားချိန်မှာ အထူး သတိရှိကြဖို့လည်း ဂျပန်သံရုံးက သတိပေးပါတယ်။

အနည်းငယ် သံသယရှိစရာကောင်းတဲ့ လူတစ်ယောက် ဒါမှမဟုတ် လူစုကို တွေ့ရင် အဲဒီနေရာအနီးကို မသွားကြဖို့ ဝေးရာသို့ ချက်ချင်း ထွက်သွားကြဖို့လည်း ဂျပန် သံရုံးက အကြံပြုထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.