ဝါရှင်တန်၊ နိုဝင်ဘာ ၁၈

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မက္ကဆီကိုနဲ့ ကိုလမ်ဘီယာနိုင်ငံတွင်းမှာ အမေရိကန်က တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ လမ်းဖွင့်ထားတယ်လို့ သမ္မတ ဒေါ်နယ် ထရန့်က နိုဝင်ဘာ ၁၇ ရက်မှာ ပြောကြားလိုက်ပါတယ်။

အဲဒီလိုသာ လုပ်ဆောင်ခဲ့မယ်ဆိုရင် မူးယစ်ဆေးဝါးဂိုဏ်းတွေကို ထရန့်အစိုးရရဲ့ တိုက်ခိုက်မှု သိသိသာသာ အရှိန်မြင့်လာမှာ ဖြစ်ပါတယ်။

မက္ကဆီကိုကို တိုက်ခိုက်နိုင်ခြေ ဒါမှမဟုတ် အမေရိကန်စစ်သားတွေနဲ့ တခြား စစ်မှုထမ်းတွေကို စေလွှတ် နိုင်ခြေနဲ့ပတ်သက်လို့ ဘဲဥပုံရုံးခန်းအတွင်း သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ ထရန့်က မိမိအနေနဲ့ အဲဒီလို လုပ်ဆောင်သွားဖို့ အဆင်ပြေတယ်လို့ ပြောပါတယ်။

မက္ကဆီကိုမှာ ကြီးမားတဲ့ ပြဿနာတွေ ရှိနေပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက်ဆိုရင် မိမိတို့ ဘာပဲ လုပ်ရလုပ်ရ မိမိအနေနဲ့ အဆင်ပြေတယ်လို့ ထရန့်က ပြောပါတယ်။

မက္ကဆီကိုရဲ့ ခွင့်ပြုချက်ရရှိမှပဲ အဲဒီလို တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမှာလား ဆိုတဲ့ မေးခွန်းကိုတော့ ထရန့်က အဖြေ မပေးပါဘူး။

မက္ကဆီကို မူးယစ်ဆေးဝါးဂိုဏ်းတွေကြောင့် မိမိတို့ ပြည်သူတွေ သေဆုံးနေရတဲ့အတွက် မိမိအနေနဲ့ ဂုဏ်ယူစွာနဲ့ တားဆီး တိုက်ခိုက်သွားမယ်လို့ ထရန့်က ပြောပါတယ်။

မူးယစ်ဆေးဝါးဂိုဏ်းတွေကို ပစ်မှတ်ထား နှိမ်နှင်းရေး ထရန့်အစိုးရက စစ်သားတွေနဲ့ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေ စေလွှတ်သွားဖို့ စီစဉ်နေတယ်လို့ NBC News က ယခုလအတွင်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

မက္ကဆီကို သမ္မတ ကလောက်ဒီယာ ရှိန်ဘွမ်းကတော့ သူ့အစိုးရရဲ့ ခွင့်ပြုချက် မပါဘဲ မိမိတို့ နိုင်ငံအတွင်း အမေရိကန်ရဲ့ စစ်ဆင်ရေးတွေ ရှိလာမှာ မဟုတ်ဘူးလို့ အကြိမ်ကြိမ် ပြောထားပါတယ်။

ကိုလ်ဘီယာမှာလည်း ကိုကင်းစက်ရုံတွေ ရှိပြီး မိမိအနေနဲ့ ဂုဏ်ယူစွာနဲ့ တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့လည်း ထရန့်က ပြောပါတယ်။

သူ့ရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ဝါရှင်တန်ရှိ မက္ကဆီကို သံရုံးကရော ကိုလမ်ဘီယာ သံရုံးကပါ တုံ့ပြန်မှု မရှိသေးပါဘူး။

ဗင်နီဇွဲလားနိုင်ငံအနီး မူးယစ်ဆေးတွေ တင်ဆောင်လာတယ်ဆိုတဲ့ သင်္ဘောတွေကို အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် ကိုလမ်ဘီယာနိုင်ငံသားတွေ အပါအဝင် လူ ၈၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ကိုလမ်ဘီယာ သမ္မတ ပက်ထရို ဂတ်စတာဗိုက ထရန့်အစိုးရရဲ့ တိုက်ခိုက်မှုတွေ ရှုတ်ချထားပြီး ထရန့်က ပက်ထရိုဟာ မူးယစ်ခေါင်းဆောင် ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
Ref: NBC News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.