မော်လမြိုင် ၊ နိုဝင်ဘာ ၁၉

လာမယ့် နှစ်ကုန်ပိုင်းမှာ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေဆီက ကြိုတင်ဆန္ဒမဲတွေ ရရှိနိုင်ရေး စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တခုတ်တရ ကြိုးပမ်းလာပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့်နေ့မှာ တက္ကသိုလ်ကျောင်းသား/သူတွေဟာ မဲဆန္ဒနယ်ပြင်ပသို့ သွား ရောက်ပြီး ကျောင်းတက်ကြမှာဖြစ်လို့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အသက် ၁၈ နှစ်ပြည့်သူတွေ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း နိုဝင်ဘာ ၈ ရက်နေ့မှာ အသိပေးကြေညာခဲ့တာပါ။

မဲစာရင်းပါရှိရာ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးမှာ နိုဝင်ဘာ ၁၇ ရက်ကနေ ၂၁ ရက်နေ့အထိ မနက် ၉ နာရီကနေ ညနေ ၄ နာရီခွဲအတွင်း တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ ကျောင်းသူတွေ ကြိုတင်ဆန္ဒမဲပေးနိုင်တယ်လို့ ဆိုပါတယ်။

တစ်ဘက်မှာ တက္ကသိုလ်တက်မယ့် ကျောင်းသားကျောင်းသူတွေကို ကြိုတင်မဲပေးပြီးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ထောက်ခံစာပြနိုင်မှသာ ကျောင်းအပ်ခွင့်ရမယ်ဆိုတဲ့ သတင်းတွေ Fcebook မှာ ပျံ့နှံ့ထွက်ပေါ်နေတာပါ။

တက္ကသိုလ်၊ ဒီဂရီကောလိပ်တချို့ကလည်း ကျောင်းသား၊ကျောင်းသူတွေကို မိမိမဲစာရင်းပါရှိတဲ့ မြို့ နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ကြိုတင်ဆန္ဒမဲတွေ ပေးခဲ့ကြဖို့ Facebook စာမျက်နှာတွေကတဆင့် နှိုးဆော်ပြီး ချိတ်ဆက် စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ပြောခွင့်ရ နိုင်ပီတာက ပြည်သူတွေအနေနဲ့ ကိုယ့်ကိုအုပ် ချုပ်မယ့် အစိုးရကို အယုံအကြည်မရှိရင် မဲမထည့်လေ့ရှိတဲ့ သဘောရှိတာမို့ အာဏာပိုင်တွေက ခြိမ်းခြောက်လို့ မရဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လူထုရဲ့ သဘောတရားကတော့ အစိုးရစနစ်တစ်ရပ် ဒါမှမဟုတ်လို့ ရှိရင် အုပ်ချုပ်သူလူတန်းစားကို သဘောမကျဘူး၊ ရွေး‌ကောက်ပွဲကို သူတို့ အယုံအကြည်မရှိဘူးဆိုရင် မဲမထည့်လေ့ရှိတဲ့ သဘောရှိတယ်။ မဲမထည့်လို့ ဆိုပြီးတော့လည်း လူထုကို အာဏာပိုင်တွေကနေ ခြိမ်းခြောက်လို့ မရဘူး။ နှိပ်စက်လို့ မရဘူး။ ဖမ်းဆီးလို့ မရဘူး။ ဆိုတော့ ဒီလိုမျိုး မဲမပေးလို့ (အာဏာပိုင်တွေက ပြည်သူတွေအပေါ်) တစ်စုံတစ်ရာ ကျူးလွန်တယ် ပြုလုပ်တယ်ဆိုလို့ရှိရင် Electoral Violence ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အကြမ်းဖက်မှုလို့ ပြောလို့ရတယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုလို့ ပြောလို့ ရတာပေါ့”လို့ ဆိုပါတယ်။

စစ်ကော်မရှင်လက်အောက်ခံ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနကလည်း တက္ကသိုလ် ဒီဂရီကောလိပ်တွေရဲ့ နေ့သင်တန်းတွေ အားလုံးကို နိုဝင်ဘာ ၂၄ ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်လို့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ ပိတ်ရက်မရှိ ကျောင်းအပ်လက်ခံသွားမယ်လို့ ကြေညာထားတာပါ။

လက်ရှိမှာ တနင်္သာရီတိုင်း မြိတ်မြို့နယ်အတွင်း နေထိုင်ကြတဲ့ တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတွေဟာ နိုဝင်ဘာ ၁၇ ရက်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်စုပေါင်းရုံးခန်းမှာ ကြိုတင်ဆန္ဒမဲစပေးနေပြီလို့ စစ်တပ်ဝါဒဖြန့် နိုင်ငံပိုင် သတင်းစာတွေက ဖော်ပြပါတယ်။

တက္ကသိုလ်ကျောင်းသား၊ကျောင်းသူတွေ ကြိုတင်ဆန္ဒမဲပေးရာမှာ နိုင်ငံသားစိစစ်ရေးကတ်နဲ့ ကျောင်းသားကတ်တွေကို ပြပြီး မဲလက်မှတ်တွေ ထုတ်ယူကာ လျှိုဝှက်ဆန္ဒပြုခန်းမှာ ကြိုက် နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းကို ဆန္ဒပြုခဲ့တယ်လို့ သတင်းထုတ်ပြန်တာပါ။

ရွေးကောက်ပွဲကိုတော့ အပိုင်းသုံးပိုင်းနဲ့ ကျင်းပဖို့ စီစဉ်ထားပြီး အပိုင် ၁ မှာ ၁၀၂ မြို့နယ် ၊ အပိုင်း ၂ မှာ မြို့နယ် ၁၀၀ နဲ့ မကျင်းပနိုင်တဲ့ ၅၆ မြို့နယ်ကလွဲရင် ကျန်တဲ့ မြို့နယ်တွေကိုတော့ အပိုင်း ၃ မှာ ဆက်လုပ်သွားမယ်လို့ အသိပေးထားပြီး ဖြစ်ပါတယ်။

ပြည်သူတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေ သံတမန်တွေကပါ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘဲ အတုအယောင်အဖြစ် ဝေဖန်ဆန့်ကျင်နေကြတဲ့ အခြေအနေပါ။

“စစ်အုပ်စုက သူ့ရဲ့ ရွေးကောက်ပွဲကို ပြည်သူလူထုက ဘယ်လောက်အထိ စိတ်ပါဝင်စားမှုရှိတယ်ဆိုတဲ့ အကြောင်းအရာကို ပြဖို့ဆိုတဲ့ သဘောနဲ့ မဲပေးမယ့်နေ့မတိုင်ခင် အခုချိန်ကတည်းက ကြိုတင်မဲပေးနေကြတယ်ဆိုတဲ့ ပုံစံမျိုးကို ဝါဒဖြန့် ပုံဖော်နေတဲ့ သဘောမျိုး ဖြစ်တယ်”လို့ နိုင်ပီတကာက ထောက်ပြပါတယ်။

စစ်ကော်မရှင် ပြဌာန်းထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေအရ ရွေးကောက်ပွဲမှာ မဲစာရင်းပါရှိတဲ့ သက်ဆိုင်ရာမြို့နယ်ရဲ့ ပြင်ပမှာ ရောက်ရှိနေသူတွေဟာ သက်ဆိုင်ရာ မဲဆန္ဒနယ်အသီးသီးမှာ ကြိုတင်ဆန္ဒမဲလက်မှတ်နဲ့ ကြိုတင်မဲပေးပိုင်ခွင့်ရှိတယ်လို့ ဖော်ပြထားတာပါ။

ကြိုတင်မဲပေးပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေထဲမှာ တပ်မတော်သားနဲ့ အတူနေအိမ်ထောင်စုဝင်တွေ ကျောင်းသားတွေ သင်တန်းသားတွေ အချုပ်ခံနေရသူတွေ ဆေးရုံတက်နေရတဲ့ အတွင်းလူနာတွေ ယာယီနေရပ်စွန့်ခွာနေရသူတွေ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံပြင်ပမှာ ရောက်ရှိနေသူတွေ ပါဝင်ပါတယ်။

ဒါကြောင့် နေရပ်စွန့်ခွာနေရတဲ့ စစ်ရှောင်တွေ ပြည်ပရောက် နိုင်ငံသားတွေဆီက ကြိုတင်ဆန္ဒမဲတွေ ရဖို့ ပုံစံ (၁၅) မှာ ကိုယ်ရေးအချက်အလက်တွေ ဖြည့်သွင်းပြီး သက်ဆိုင်ရာ ရွေးကော်အဖွဲ့ခွဲရုံးတွေနဲ့ သံရုံးတွေမှာ ပေးပို့လျှောက်ထားနိုင်တယ်လို့ ပြည်‌ထောင်စုရွေး‌ကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.