တိုကျို၊ နိုဝင်ဘာ ၁၇
အမေရိကန်ရဲ့ အခွန်တိုးမြှင့်ကောက်ခံမှုတွေနဲ့ ရင်ဆိုင်နေရချိန် ပြည်ပပို့ကုန်ပမာဏ လျော့ကျမှုကြောင့် ဂျပန်နိုင်ငံရဲ့ စီးပွားရေးဟာ စက်တင်ဘာလအထိ သုံးလပတ်ကာလအတွင်း ၂ ရာခိုင်နှုန်း နီးပါး လျော့ကျသွားပြီး သုံးလပတ်ကာလ ၆ ခုအတွင်း ပထမဆုံး စီးပွားရေး ကျဆင်းမှု ဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်က ထုတ်ပြန်တဲ့ အစိုးရရဲ့ အချက်အလက်တွေက ဖော်ပြနေပါတယ်။
အခွန်တွေ အသက်ဝင်မလာခင် ပြည်ပပို့ကုန်ပမာဏ တိုးမြှင့်ခဲ့တဲ့ ကာလအပြီး အထူးသဖြင့် မော်တော်ကား ကုမ္ပဏီတွေရဲ့ ပြည်ပသို့ တင်ပို့မှု လျော့ကျခဲ့တာပါ။

ဒါပေမဲ့ အလုံးစုံ စီးပွားရေးဟာ မျှော်လင့်ထားသလောက် မကျဆင်းဘဲ စီးပွားရေး ဆုတ်ယုတ်တဲ့ ကာလ တစ်ခု အစပြုမှု မဟုတ်ဘဲ ယာယီ ကျဆင်းမှု ဖြစ်ဖွယ်ရှိတယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။
စည်းကမ်းဥပဒေ ပြောင်းလဲမှုကြောင့် အိမ်ယာမြေဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ထိခိုက်ခဲ့တာမျိုးလို တစ်ကြိမ်တည်း ဖြစ်တဲ့ အကြောင်းရင်းတွေကြောင့် စီးပွားရေး ကျတာဖြစ် နိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။
လက်ရှိ စီးပွားရေး လည်ပတ်မှု ပုံစံအရ ဂျပန် စီးပွားရေးဟာ လာမယ့် နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်း ပြန်လည် ကောင်းမွန်လာနိုင်တယ်လို့ မီအီဂျီ ယာဆူဒါ သုတေသန အဖွဲ့ရဲ့ စီးပွားရေး ပညာရှင် ကာဇူတာကာက ပြောပါတယ်။

ငွေဖောင်းပွမှုလို အကြောင်းအရာတွေနဲ့ယှဉ်ပြီး ဂျပန် နိုင်ငံတော်ဘဏ်က အတိုးနှုန်းလျှော့ချဖို့ ဆုံးဖြတ်မယ့် ကိစ္စကြောင့်လည်း စီးပွားရေး ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင်ကနေ စက်တင်ဘာအတွင်း ပြည်တွင်း ထုတ်ကုန်တန်ဖိုး ၁ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး အဲဒီကာလမတိုင်ခင် သုံးလပတ်ကာလက ပြည်တွင်း ထုတ်ကုန်တန်ဖိုး ၂ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့ပါတယ်။
အမေရိကန်က အခွန်တွေ တိုးမြှင့်လိုက်တာကြောင့် မော်တော်ကား ကုမ္ပဏီတွေရဲ့ ပြည်ပ တင်ပို့မှု သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။
ဂျပန် ပို့ကုန် အားလုံးနီးပါးအတွက် အနည်းဆုံး အခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံရေး အမေရိကန်နဲ့ ဂျပန်တို့ စက်တင်ဘာလမှာ တရားဝင် သဘောတူခဲ့ပြီး မော်တော်ကားတွေအတွက် အခွန် ၂၇ ဒသမ ၅ ရာခိုင်နှုန်း တခြား ပို့ကုန် အများစုအတွက် ၂၅ ရာခိုင်နှုန်း ကောက်ခံဖို့ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
ဂျပန်မှာ နေထိုင်စားသောက်မှု စရိတ်ကို မိသားစုတွေ စီမံခန့်ခွဲနိုင်ရေး အထောက်အကူ ဖြစ်စေမယ့် စီးပွားရေး နှိုးဆွရေး အစီအစဉ်ကို ဝန်ကြီးချုပ် တာကာအီချီ အစိုးရက မိတ်ဆက်ထားချိန်မှာ အခုလို စီးပွားရေး ကျဆင်းမှု စာရင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Ref:Reuters

