ဝါရှင်တန်၊ နိုဝင်ဘာ ၁၇
ပြီးခဲ့တဲ့ သြဂုတ်လ လကုန်ပိုင်းကနေ အောက်တိုဘာလ လဆန်းပိုင်းအထိ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် ဝယ်ယူထားတဲ့ ငွေတိုက်စာချုပ်တွေရဲ့ တန်ဖိုးဟာ ဒေါ်လာ ၈၂ သန်းထက်မနည်း ရှိကြောင်း နိုဝင်ဘာ ၁၅ ရက်က ဖော်ပြတဲ့ ဘဏ္ဍာရေးဆိုင်ရာ ဖော်ပြချက်တွေအရ သိရပါတယ်။
သမ္မတ ထရန့် ဝယ်ယူထားတဲ့ ငွေတိုက်စာချုပ်တွေထဲမှာ လုပ်ငန်းစုနဲ့ စည်ပင်သာယာ စာချုပ်တွေအပြင် သူချမှတ်တဲ့ မူဝါဒတွေကြောင့် အကျိုးအမြတ် ဖြစ်ထွန်းနေတဲ့ ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ပြုလုပ်တာတွေလည်း ပါဝင်ကြောင်း သိရပါတယ်။

အမေရိကန်အစိုးရ ကျင့်ဝတ်ထိန်းသိမ်းရေးရုံးက ဖော်ပြတဲ့ စာရွက်စာတမ်းတွေအရ ထရန့်ဟာ သြဂုတ် ၂၈ ရက်ကနေ အောက်တိုဘာ ၂ ရက်အထိ ဘဏ္ဍာရေးဆိုင်ရာ ဝယ်ယူမှုပေါင်း ၁၇၅ ကြိမ်နဲ့အထက် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အစိုးရကျင့်ဝတ်ဆိုင်ရာ အက်ဥပဒေလို့ ခေါ်တဲ့ ၁၉၇၈ ခုနှစ် ပွင့်လင်းမြင်သာရေးဥပဒေအရ အဲဒီ ဖော်ပြချက်မှာ ဝယ်ယူမှု တစ်ခုစီတိုင်းရဲ့ ငွေကြေးပမာဏ အတိအကျကို ဖော်ပြမထားဘဲ အားလုံးကို ခြုံငြုံပြီးတော့ပဲ ဖော်ပြထားတာ ဖြစ်ပါတယ်။
ငွေတိုက်စာချုပ် ဝယ်ယူမှု အများဆုံး စုစုပေါင်းတန်ဖိုး ဒေါ်လာ ၃၃၇ သန်း ရှိကြောင်း အဲဒီစာရွက်စာတမ်းတွေမှာ ဖော်ပြပါတယ်။

အဲဒီ စာရင်းမှာ ဖော်ပြထားတဲ့ ပိုင်ဆိုင်မှု အများစုဟာ စည်ပင်သာယာ၊ ပြည်နယ်အစိုးရတွေ၊ ဒေသတွေနဲ့ ကျောင်းအပိုင်ဒေသတွေက ထုတ်ပေးထားတာ ဖြစ်ပြီး အစိုးရအေဂျင်စီတွေနဲ့ ဆက်စပ်နေတဲ့ တခြား လုပ်ငန်းတွေက ထုတ်ရောင်းတဲ့ ငွေတိုက်စာချုပ်တွေလည်း ပါဝင်ပါတယ်။
ဘဏ္ဍာရေးဆိုင်ရာဥပဒေ ဖြေလျှော့မှုမျိုးလို သူထုတ်ထားတဲ့ မူဝါဒတွေကြောင့် အကျိုးအမြတ် ရရှိနေတဲ့ ကဏ္ဍတွေ အကျိုးအမြတ် ရရှိလာနိုင်တဲ့ ကဏ္ဍတွေ အပါအဝင် ကဏ္ဍများစွာမှာ ထရန့်က ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။
နိုင်ငံရေးလောကထဲ ဝင်မလာခင် အိမ်ယာမြေလုပ်ငန်းနဲ့ ချမ်းသာလာခဲ့တဲ့ ထရန့်က သူ့ရဲ့ ကုမ္ပဏီတွေကို သူ့ရဲ့ သားသမီးတွေဆီ အပ်နှံထားတယ်လို့ အရင်က ပြောခဲ့ဖူးပါတယ်။
ဒီဖော်ပြချက်နဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ အိမ်ဖြူတော်ကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန် ဖြေကြားမှု မရှိခဲ့ဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၂၀ ရက်က အိမ်ဖြူတော်သို့ ဒုတိယအကြိမ် ပြန်ရောက်လာပြီး နောက်ပိုင်း ထရန့် ဝယ်ယူထားတဲ့ ငွေတိုက်စာချုပ် တန်ဖိုး ဒေါ်လာ သန်း ၁၀၀ ရှိတယ်လို့ သိရပါတယ်။
သူ့ရဲ့ နှစ်စဉ်ဝင်ငွေကို ထရန့်က ဇွန်လအတွင်း ဖော်ပြခဲ့ပြီး ပူးပေါင်းလုပ်ငန်းတွေက ရရှိတဲ့ ငွေကြေး အများအပြား ပါဝင်နေတာကြောင့် အကျိုးစီးပွား ပဋိပက္ခ ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒီ နှစ်စဉ် ဝင်ငွေ ဖော်ပြချက်ဟာ ၂၀၂၄ ပြက္ခဒိန် ခုနှစ်အတွက် ဖြစ်ပြီး ထရန့်ဟာ ဒီဂျစ်တယ်ငွေ၊ ဂေါက်ဖ်ကစားနည်းနဲ့ဆိုင်တဲ့ ပိုင်ဆိုင်မှုတွေ၊ လိုင်စင်တွေနဲ့ တခြား ပူးပေါင်း လုပ်ငန်းတွေက ရတဲ့ ဝင်ငွေ ဒေါ်လာ သန်း ၆၀၀ ကျော် ရှိပါတယ်။
အလုံးစုံအနေနဲ့ ဇွန်လက ဖော်ပြချက်မှာ ထရန့်ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ထက်မနည်း ရှိကြောင်း ရိုက်တာသတင်းဌာနက အတည်ပြုထားပါတယ်။
Ref:Reuters

