ရေး၊ နိုဝင်ဘာ ၁၇

မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာအနီးပတ်ဝန်းကျင်ဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က ဒေသခံပြည်သူလူထု ၂၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က အာယုတောင်-တောင်ဘုံ-ဇွဲကလာကျေးရွာချင်းလမ်းပိုင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။

စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ အဲဒီလမ်းပိုင်းမှာ သွားလာနေတဲ့ လူငယ်တွေနဲ့ ခြံလုပ်သား ၂၀ နီးပါးကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံတွေဟာ နိုဝင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းအထိ ပြန်မလွတ်လာသေးတာကြောင့် မိသားစုဝင်တွေက သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံတွေဟာ အာယုတောင်နဲ့ တောင်ဘုံရွာခံတွေ အများစုပါဝင်ပြီး ဆိုင်ကယ်တွေကလည်း စစ်ကော်မရှင်တပ်က သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီစစ်ကြောင်းဟာ ဝယ်ယီဟိုင်နဲ့ရွာကလေးကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရေးမြို့နယ်မှာ အာဏာသိမ်း စစ်တပ်ဟာ ရွေးကောက်ပွဲ မတိုင်မီ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်တာအပြင် စစ်ကြောင်းထိုးဝင်ရောက်လာချိန် ဒေသခံတွေကို လမ်းပြလူသားဒိုင်းအဖြစ် ဖမ်းဆီးတာတွေ လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.