မော်လမြိုင်၊ နိုဝင်ဘာ ၁၇
ငြိမ်းချမ်းရေးရယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုမရှိဘဲ ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် ကုန်သွယ်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၁၆ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမမှာ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအပါအဝင် ဒေသခံပြည်သူတချို့နဲ့ တွေ့စဉ် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။
စစ်ခေါင်းဆောင်က နယ်စပ်ဒေသတွေမှာ တည်ငြိမ်အေးချမ်းမှုအားနည်းလာတာကြောင့် အချို့သော နယ်စပ်ဂိတ်တွေကို ပိတ်ထားရပြီး တရားမဝင် ကုန်သွယ်မှုတွေ ပိုမိုများပြားလာတယ်လို့ ဆိုပါတယ်။
တရားမဝင် ကုန်သွယ်မှုတွေကြောင့် နယ်စပ်ဒေသရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေကို သက်ဆိုးရှည်စေပြီး ရသင့်ရထိုက်တဲ့ အခွန်အခတွေ ရရှိမှုမရှိတဲ့အတွက် ထိခိုက်နစ်နာရတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါ့အပြင် နယ်စပ်ဒေသတွေမှာ အွန်လိုင်းအသုံးပြုလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှု ကျူးလွန်နေသူတွေ မရှိစေရေး အလေးထားဆောင်ရွက်လျက်ရှိပြီး အခြေခံအဆောက်အဦတွေကိုပါ အမြစ်ပြတ်ချေမှုန်းရှင်းလင်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့သို့ ရောက်ရှိခဲ့ပြီး သူရဲ့ ခရီးစဉ်ကြောင့် ကရင်နယ်ခြားစောင့်တပ် BGF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC ၊ DKBA တပ်တို့ကို ဘားအံမြို့တွင်း ဝင်ရောက်ခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

