ဘားအံ၊ နိုဝင်ဘာ ၁၁
ကရင်ပြည်နယ် ဘားအံမြို့နယ် ဘားအံအကျဉ်းထောင်မှာ ထောင်တွင်းလုံခြုံရေးနဲ့ ထောင်တွင်းသတင်း ပေါက်ကြားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရိုက်နှက်စစ်ဆေးခံရတာကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့တယ်လို့ Justice Network For Myanmar (JNPP) ထံက သိရပါတယ်။
ဘားအံထောင်မှာ ထောင်တွင်းလုံခြုံရေးနဲ့ ထောင်တွင်းသတင်း ပေါက်ကြားတယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ ပြီးခဲ့တဲ့ ဇွန်လ ဒုတိယပတ်မှာ အကျဉ်းထောင်ဦးစီးမှူး ဦးချစ်လွင်နဲ့ ရဲဝန်ထမ်းတွေ ပူးပေါင်းပြီး အကြမ်းဖက် ဝင်ရောက်စီးနင်း စစ်ဆေးခဲ့တာပါ။
အကျဉ်းထောင် ဦးစီးမှူးနဲ့ ရဲဝန်ထမ်းတွေရဲ့ စီးနင်းမှုအတွင်း ထောင်တွင်းသတင်းပေါက်ကြားမှုနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကို ထောင်အာဏာပိုင်တွေနဲ့ ရဲဝန်ထမ်းတွေက ရိုက်နှက်စစ်ဆေးတာအပြင် တိုက်ပိတ်စစ်ဆေးတာတွေပါ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ဆေးမှုအတွင်း ဖျာပုံမြို့နယ်ကနေ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ က နဲ့ ထောင် ဒဏ် ၇ နှစ် ကျခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဉာဏ်မင်းထွန်းဟာ စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ JNPP ရဲ့ တာဝန်ရှိသူ ကိုဇော်ရဲထွဋ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် ထောင်တွင်း သတင်းပေါက်ကြားမှုနဲ့ ပတ်သက်ပြီး အချို့နိုင်ငံရေးအကျဉ်းသားတွေကို လက်ရှိအချိန်ထိ ဆက်လက်တိုက်ပိတ်ထားတဲ့အပြင် အချို့နိုင်ငံရေးအကျဉ်းသားတွေလည်း ပြန်လည် လွတ်မြောက်လာတာ ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ အောက်တိုဘာလအထိ နိုင်ငံတစ်ဝန်းက အကျဉ်းထောင်အသီးသီးမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရှိတာနဲ့ အရေးပေါ်ဆေးကုသခွင့် မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား ၂၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

