ဝါရှင်တန်၊ နိုဝင်ဘာ ၁၀
အမေရိကန်အစိုးရဌာနများ ပိတ်သိမ်းထားရမှု အဆုံးသတ်ရေး ရည်ရွယ်တဲ့ သဘောတူညီမှု တစ်ရပ်ကို အထက်လွှတ်တော်က အတည်ပြုလိုက်တာကြောင့် စံချိန်တင် သဘောမတူညီနိုင်မှု ပြေလည်ရေး လမ်းပွင့်သွားခဲ့ပါတယ်။
ဝါရှင်တန်မှာ သီတင်းပတ်ကုန်ရက်က ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဒီမိုကရက် လူနည်းစုက ရီပက်ဘလေကန်တွေနဲ့ ပူးပေါင်းခဲ့ပြီး သဘောတူညီမှု တစ်ရပ်ကို ထောက်ခံမဲ ပေးခဲ့ကြတာပါ။

ဒီမဲခွဲဆုံးဖြတ်မှုဟာ အောက်တိုဘာ ၁ ရက်က ရန်ပုံငွေ ကုန်သွားပြီးချိန်ကတည်းက အစိုးရ အဖွဲ့ကို ရန်ပုံငွေ ထောက်ပံ့နိုင်ရေး လုပ်ထုံးလုပ်နည်းအရ ပထမဆုံး ခြေလှမ်း ဖြစ်ပါတယ်။
အဲဒီ သဘောတူညီမှုဟာ ဖက်ဒရယ်အလုပ်သမားတွေ ပြန်ရောက်မလာခင် ဝန်ဆောင်မှုတွေ ပြန်မပေးနိုင်ခင် အောက်လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မဲဆွဲဆုံးဖြတ်မှု အပါအဝင် နောက်ထပ် အတားအဆီး တချို့ကို ရှင်းလင်းဖို့ လိုအပ်ဦးမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒါက ရက်ပေါင်း ၄၀ ကြာ လိပ်ခဲတည်းလည်း အခြေအနေ ကြုံနေခဲ့ပြီးနောက် ပထမဆုံး လေးနက်တဲ့ တိုးတက်မှု လက္ခဏာ ဖြစ်ပါတယ်။

လက်ရှိ အစိုးရဌာနများ ပိတ်ထားရတဲ့ ကာလဟာ အမေရိကန် ရာဇဝင်မှာ အရှည်ကြာဆုံး ဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်တွေ မတိုင်ခင်အထိ ရီပက်ဘလေကန်တွေနဲ့ ဒီမိုကရက်တို့ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေခဲ့ပုံရပါတယ်။
အောက်တိုဘာကတည်းက အစိုးရဌာနတွေ အများကြီး ပိတ်ထားခဲ့ရပြီး ဖက်ဒရယ် အလုပ်သမား ၁ ဒသမ ၄ သန်းလောက်ဟာ လစာမရဘဲ ခွင့်ယူရတာ ဒါမှမဟုတ် လစာမရဘဲ အလုပ်လုပ်ပေးနေခဲ့ရတာ ဖြစ်ပါတယ်။
အစိုးရဌာနများ ပိတ်ထားရမှုကြောင့် အမေရိကန် လေကြောင်းခရီးစဉ်တွေ၊ ဝင်ငွေနည်း အမေရိကန် နိုင်ငံသား ၄၁ သန်း အတွက် စားနပ်ရိက္ခာ အကျိုးခံစားခွင့်တို့ အပါအဝင် အမျိုးမျိုးသော ဝန်ဆောင်မှုတွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။
အခု သဘောတူညီမှုကို အထက်လွှတ်တော် လူများစု ခေါင်းဆောင် ဂျွန်သူနီ၊ အိမ်ဖြူတော်နဲ့ ဒီမိုကရက် လွှတ်တော်အမတ်တွေ ဖြစ်တဲ့ ဂျန်နီ ရှာဟင်း၊ နယူးဟမ်ရှိုင်းယား ပြည်နယ် လွှတ်တော်အမတ် မက်ဂီ ဟာဆင်၊ မိန်းစ် ပြည်နယ်က တစ်သီးပုဂ္ဂလ လွှတ်တော်အမတ် အန်ဂတ်စ် ကိန်းတို့ကြား ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။
အထက်လွှတ်တော်မှာ လူများစုနေရာရရှိထားတဲ့ ရီပက်ဘလေကန်တွေအနေနဲ့ အဲဒီ အစီအစဉ်ကို အတည်ပြုနိုင်ဖို့ တခြား လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမဲ အနည်းဆုံး ၇ မဲ လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။
သူတို့ဟာ အနည်းဆုံးလိုအပ်နေတဲ့ မဲအရေအတွက်ထက် ၁ မဲပိုရအောင် စည်းရုံးနိုင်ခဲ့တာကြောင့် အခုလို သဘောတူညီချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
Ref:BBC

