သထုံ၊ နိုဝင်ဘာ ၁၀

မွန်ပြည်နယ် သထုံမြို့နယ်ရှိ ကျေးရွာ ၈ ရွာကို စစ်ကော်မရှင်တပ်က တိုက်ပွဲမရှိဘဲ လေကြောင်းကနေ အကြောင်းမဲ့သက်သက် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ထံကနေ သိရပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်တပ်ဟာ အဲဒီကျေးရွာ ၈ ရွာကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ မနက် ၁၁ နာရီအချိန်ကနေ ၁၂ နာရီအချိန်ထိ တစ်နာရီကျော်ကြာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။

စစ်ကော်မရှင်တပ်ဟာ အဲဒီကျေးရွာ ၈ ရွာကို လေကြောင်းကနေ ဗုံး ၃၈ ထက်မနည်း ကြဲသွားတာ ဖြစ်ပြီး အရပ်သားပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၅ လုံးနဲ့ ဥယျာဉ်ခြံအများအပြား ပျက်စီးခဲ့ပါတယ်။

လေကြောင်းဗုံးကြဲခံရတဲ့ ကျေးရွာတွေဟာ KNU သထုံခရိုင်အုပ်ချုပ်နယ်မြေရဲ့ ရေဝေ၊ အထက်နောင်ကတုတ်၊ ဝင်းဖုန်း၊ ကော့လှိုင်း၊ မိကျောင်းအိုင်၊ ရွှေကြည်၊ ကျခတ်ချောင်းနဲ့ ရေတွင်းဖြူကျေးရွာတို့ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ရေဝေကျေးရွာနေ အသက် ၂၇ နှစ်အရွယ် ဒေါ်နိုင်းနိုင်း၊ အထက်နောင်ကတုတ်ကျေးရွာနေ အသက် ၅၅ နှစ်အရွယ် စောမောင်ဝင်းမြင့်တို့ မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့မှာပဲ သထုံမြို့နယ်အခြေစိုက်ရဲ့ တပ်ရင်း နှစ်ရင်းကနေ အထက်နောင်ကတုတ်၊ မိချောင်းအိုင်နဲ့ချောင်းစောက်ကျေးရွာတို့ကို လက်နက်ကြီး ၇ လုံး ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် နေအိမ် တစ်လုံး ပျက်စီးခဲ့ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ၈ ရွာက ဒေသခံပြည်သူလူထု ၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU သထုံခရိုင်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.