မော်လမြိုင်၊ နိုဝင်ဘာ ၁၀

စက်သုံးဆီပြတ်လပ်မှု ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတဲ့ မွန်ပြည်နယ်မှာ စက်သုံဆီး ပြတ်လပ်မှု မရှိအောင် ကြပ်မတ်ဆောင်ရွက်ကြဖို့ စစ်ကော်မရှင်ခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ညွှန်ကြားလာပါတယ်။

နိုဝင်ဘာ ၉ ရက်နေ့က မွန်ပြည်နယ်တစ်ခုလုံးကို စက်သုံးဆီ ဖြန့်ဖြူးပေးနေတဲ့ မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာက Puma Power International Port Terminal အား သွားရောက်စစ်ဆေးစဉ် ညွှန်ကြားခဲ့တာပါ။

ဦးအောင်ကြည်သိန်းက ပြည်နယ်အအတွင်းကို စက်သုံးဆီ စဉ်ဆက်မပြတ် ရောက်ရှိအောင် လုပ်ဆောင်ဖို့နဲ့ တရားမဝင် စက်သုံးဆီ ရောင်းချမှု မရှိအောင် ကြပ်မတ်ကြဖို့ ညွှန်ကြားခဲ့ပါတယ်။

ဒါ့အပြင် စက်သုံးဆီဆိုင်တွေအနေနဲ့ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှု မရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အရေးယူဆောင်ရွက်သွားဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ပြည်နယ်အတွင်းမှာတော့ စစ်ကော်မရှင်ရဲ့ ကြပ်မတ်စိစစ်တာနဲ့ စီမံခန့်ခွဲမှု အားနည်းမှုကြောင့် စက်သုံးဆီ ပြတ်လပ်မှု ဖြစ်ပေါ်နေတာ အချိန် တစ်ပတ်ကျော်အကြာထိ ရှိလာပြီးဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ စက်သုံးဆီဖြန့်ဝေမှုကို Myanmar Energy King ကုမ္ပဏီနဲ့ Yar Zar Min Industry ကုမ္ပဏီတို့က တင်ဒါအောင်မြင်ထားတာ ဖြစ်ပါတယ်။

စက်သုံးဆီ လုပ်ငန်းရှင်တွေကတော့ စက်သုံးဆီ ပြတ်လပ်မှုဟာ Puma Power International Port Terminal မှာ စက်သုံးဆီပန့် မလုံလောက်မှုကြောင့်လို့ ဆိုကြပါတယ်။

စက်သုံးဆီ ပြတ်လပ်မှုကို ဖြေရှင်းဆောင်ရွက်နိုင်တာ မရှိသေးတဲ့အတွက် စစ်ကော်မရှင်ခန့် မွန်ပြည်နယ်အစိုးရအဖွဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

စက်သုံးဆီ ဆိုးဆိုးဝါးဝါး ပြတ်လပ်နေတာကြောင့် ပြည်သူတွေဟာ စက်သုံးဆီ ရရှိရေးအတွက် နာရီနဲ့ချီ တန်းစီစောင့်ဆိုင်း ဝယ်ယူရတာအပြင် လုံးဝ ဝယ်ယူလို့မရတဲ့ အခြေအနေတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.