မော်လမြိုင်၊ နိုဝင်ဘာ ၁၀
စစ်ကော်မရှင်တပ် အပြည့်အဝ ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ LGBT အမျိုးသား သုံးဦး ပစ်ခတ်ခံရတာကြောင့် နှစ်ဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၉ ရက်နေ့ ည ၁၁ နာရီအချိန်လောက်က မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက်ရှိ “မြင်သူလန်း”ဆံပင်မိတ်ကပ်ဆိုင်အရှေ့မှာ LGBT အမျိုးသား သုံးဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် လိင်စိတ်ခံယူမှုကွဲပြားမှု LGBT တွေဖြစ်တဲ့ တင်ကိုကိုဦးနဲ့ မနီ (ခေါ်) မာမက်အာယွန်းတို့ဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပြီး သူတို့ရဲ့ သူငယ်ချင်းဖြစ်သူ ဇွဲဝေယံထက်ဟာ ပြင်းထန်ဒဏ်ရာရရှိခဲ့တာပါ။
ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ အဲဒီ LGBT အမျိုးသား သုံးဦးဟာ လှိုင်ရပ်ကွက်မှာ ကျင်းပပြုလုပ်နေတဲ့ ပွဲဈေးကနေ သူတို့ဆိုင်ဖြစ်တဲ့ “မြင်သူလန်း”ဆံပင်မိတ်ကပ်ဆိုင်သို့ ပြန်လာစဉ် အမည်မသိ သေနတ်သမား နှစ်ဦးက ဆိုင်ကယ်နဲ့ လိုက်လာပြီး ပစ်ခတ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ LGBT အမျိုးသား သုံးဦးဟာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူတွေအဖြစ် စွပ်စွဲခံထားရသူတွေ ဖြစ်ပြီး ဒီပစ်ခတ်မှု မတိုင်မီ သူတို့ပြန်လာတဲ့ ပွဲဈေးမှာ ရန်ဖြစ်မှုတွေ ရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒီပစ်ခတ်မှုဟာ စစ်ကော်မရှင် အပြည့်အဝ ထိန်းချုပ်ထားတဲ့ မော်လမြိုင်မြို့မှာ ဖြစ်ပွားခဲ့တာကြောင့် စစ်ကော်မရှင် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ဒါမှမဟုတ် လက်နက်ကိုင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူတွေ လုပ်ဆောင်တာ ဖြစ်နိုင်တယ်ဆိုတဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတချို့ရဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားတဲ့ နေရာအနီးမှာ 9 mm ပစ္စတို သေနတ် အမျိုးအစား ကျည်ခွံ ၄ ခု နဲ့ 9 mm ကျည်ထပ်ဖူး တစ်ခု တွေ့ရှိထားတယ်လို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
ပစ်ခတ်မှုပြီးနောက် စစ်ကော်မရှင်ဘက်က မြို့တွင်းမြို့ပြင် ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ ဆက်တိုက်လုပ်နေပြီး လက်ရှိအချိန်ထိ ကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်တာ မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

