ကွာလာလမ်ပူ၊ နိုဝင်ဘာ ၁၀

မလေးရှား-ထိုင်းနယ်စပ်မှာ လှေတစ်စီးနစ်မြုပ်သွားပြီးနောက် နိုဝင်ဘာ ၉ ရက်က အသက်ရှင်သူ ၁၀ ဦးနဲ့ အလောင်း တစ်လောင်း ရှာတွေ့ထားပြီး ရာနဲ့ချီ ပျောက်ဆုံးနေတယ်လို့ မလေးရှား ရေပြင်အာဏာပိုင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံ အနောက်ပိုင်း ဘူးသီးတောင်မြို့ကနေ လူ ၃၀၀ လောက်တင်ဆောင်ပြီး ထွက်ခွာလာတဲ့ လှေနစ်မြုပ်သွားပြီးနောက် ပင်လယ်ပြင်မှာ နောက်ထပ် အသက်ရှင်ကျန်သူတွေ တွေ့နိုင်သေးတယ်လို့ မလေးရှား ကယ်ဒါးနဲ့ ပါလစ်ပြည်နယ်ဆိုင်ရာ ရေပြင်အာဏာပိုင် အဖွဲ့ ညွှန်ကြားရေးမှူး ရေတပ် ဗိုလ်ချုပ် ရွမ်လီ မူစတာဖာက ပြောပါတယ်။

အဲဒီ လှေဟာ မလေးရှားမြောက်ပိုင်း လန်ကာဝီကျွန်းအနီး ထိုင်းနိုင်ငံ တာရူတာအိုကျွန်း အနီးမှာ နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။

နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေဟာ ရွှေ့ပြောင်းနေထိုင်သူတွေကို အန္တရာယ်များလွန်းတဲ့ ရေလမ်းကြောင်းကတဆင့် လူမှောင်ခိုကူးမှု ပိုများလာနေတယ်လို့ မလေးရှား အရာရှိတွေက ပြောပါတယ်။

လူမှောင်ခိုသမားတွေက အဲဒီလို အန္တရာယ်များတဲ့ လမ်းကြောင်းကနေ ပို့ဆောင်ပေးဖို့ လူတစ်ယောက်အတွက် ဒေါ်လာ ၃၅၀၀ စီ တောင်းယူနေတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

ရွှေ့ပြောင်းနေထိုင်သူတွေဟာ မြန်မာ ကမ်းရိုးတန်း တစ်နေရာကနေ လွန်ခဲ့တဲ့ သုံးရက်က ထွက်ခွာလာခဲ့တာ ဖြစ်တယ်လို့ မလေးရှား အရာရှိတွေက ယုံကြည်ထားပါတယ်။

သူတို့ဟာ မလေးရှားသို့ ရောက်နှင့်နေပြီးသား သူတို့ရဲ့ ဆွေမျိုးတွေရဲ့ အဆက်အသွယ်နဲ့ အခုလို မလေးရှားမှာ ဘဝသစ် စတင်ဖို့ မျှော်လင့်ချက်နဲ့ လာရောက်ကြတာ ဖြစ်တယ်လို့ ကွာလာလမ်ပူမြို့ရှိ အယ်လ်ဂျာဇီးယား သတင်းထောက်က ပြောပါတယ်။

နောက်ထပ် ရရှိလာတဲ့ သတင်းတွေအရ ဆယ်ယူရရှိတဲ့ အလောင်း ၇ လောင်းအထိ ရှိလာပြီ ဖြစ်ကြောင်း သိရပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသမီး ၅ ဦးနဲ့ မိန်းကလေးငယ် တစ်ဦး ပါဝင်ပြီး အသက်ရှင်လျက် ကယ်တင်နိုင်သူ ၁၃ ဦးအထိ ရှိလာပြီလို့ သိရပါတယ်။

လန်ကာဝီကမ်းလွန်ရေပြင်မှာ တွေ့ရှိခဲ့တဲ့ အသက်ရှင်ကျန်သူတွေထဲမှာ မြန်မာ အမျိုးသား ၃ ဦး၊ ရိုဟင်ဂျာ ၂ ဦးနဲ့ ဘင်္ဂလားဒေ့ချ် နိုင်ငံသား ၁ ဦး ပါဝင်ပြီး သေဆုံးသွားသူဟာ ရိုဟင်ဂျာ အမျိုးသမီး ဖြစ်တယ်လို့ ကယ်ဒါးပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲ အက်ဇလီ အဘူရှားကို ကိုးကားပြီး နိုင်ငံပိုင် Bernama မီဒီယာက ဖော်ပြထားပါတယ်။

မွတ်စလင် အများစုဖြစ်တဲ့ ရိုဟင်ဂျာလူနည်းစုတွေဟာ မြန်မာနိုင်ငံကရော၊ ဘင်္ဂလားဒေ့ချ် ဒုက္ခသည်စခန်းတွေကပါ မကြာခဏဆိုသလို ရေကြောင်းခရီးနဲ့ ထွက်ပြေးရင်း အခုလို အဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့နေကြရပါတယ်။

မလေးရှားသို့ သွားမယ့် လူတွေကို ကနဦးမှာ လှေကြီးတစ်စီးနဲ့ တင်ဆောင်လာတာ ဖြစ်ပေမယ့် နယ်စပ်နဲ့ နီးလာချိန်မှာ အာဏာပိုင်တွေ စစ်ဆေးမတွေ့ရှိရအောင် လူ ၁၀၀ စီခွဲပြီး ပိုသေးငယ်တဲ့ လှေ ၃ စီးနဲ့ တင်ဆောင်လာတာ ဖြစ်ကြောင်း အဘူရှားက ပြောပါတယ်။

တခြား လှေနှစ်စီးရဲ့ ကံကြမ္မာကို မသိရသေးဘဲ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Ref:BBC/CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.