နေပြည်တော် ၊ နိုဝင်ဘာ ၉

အာဏာသိမ်းမှုအတွင်း အရပ်သားနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်လေ့ရှိတဲ့ စစ်တပ်က အသစ်ထပ်မံဖြည့်တင်းတဲ့ လေယာဉ်တွေဟာ ပြည်သူလူထုအတွက်ပါ အကျိုးကျေး ဇူးများစွာ ဆောင်ကြဉ်းပေးလာမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့က နေပြည်တော် လေတပ်စခန်းမှာ ပြုလုပ်ခဲ့တဲ့ တပ်မတော် (လေ) ရဲ့ လေယာဉ်၊ရဟတ်ယာဉ်တွေ တပ်တော်ဝင်ခြင်းအခမ်းအနားမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။

၂၀၁၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ စစ်တပ်ပိုင် လေယာဉ်၊ရဟတ်ယာဉ်တွေ တပ်တော်ဝင်ခြင်း အ ခမ်းအနားတွေကို ၁၅ ကြိမ်တိုင်တိုင် ကျင်းပခဲ့ပြီး လေယာဉ်၊ရဟတ်ယာဉ်တွေ လေတပ်ကို အင်အားဖြည့်တင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တပ်တော်ဝင်တဲ့ လေယာဉ်တွေထဲမှာ စစ်တပ်က အသစ်ထပ်မံဖြည့်တင်းထားတဲ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် သုံးစီးနဲ့ အခြားလေယာဉ် နှစ်စီးတို့ ပါဝင်ပါတယ်။

အဲဒီ လေယာဉ်၊ရဟတ်ယာဉ်တွေဟာ သဘာဝဘေး ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ သ ဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ နည်းလမ်းအမျိုးမျိုးနဲ့ အထောက်အကူပြု စွမ်းဆောင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အသစ်ထပ်မံဖြည့်တင်းတဲ့ လေယာဉ်၊ရဟတ်ယာဉ်တွေဟာ စစ်တပ်အတွက်သာမက နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက်ပါ အကျိုးကျေးဇူးများစွာ ဆောင်ကြဉ်းပေးလာမှာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကတော့ စစ်တပ်ရဲ့ လေယာဉ်တွေ ထပ်မံဝယ်ယူမှုဟာ ပြည် သူလူထုအတွက် ကောင်းတဲ့ အကျိုးသက်ရောက်မှု ဖြစ်စေမှာ မဟုတ်ဘဲ ဆိုးကျိုးသာ ဖြစ်စေနိုင်တယ်လို့ ထောက်ပြကြပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက စစ်တပ်ရဲ့ ထောက်ပို့လေယာဉ်တွေဟာ အင်အားဖြည့်တင်းပြီး မြေပြင်စစ်ကြောင်းထိုးမှုတွေက‌နေတဆင့် ကျေးရွာနဲ့ လူထုကို ဖျက်ဆီးသတ်ဖြတ်နေတာလို့ ပြောပါတယ်။

“ထောက်ပို့လေယာဉ်ဆိုရင် လူထုတွေရဲ့ ဒုက္ခဆင်းရဲကို ကူညီပံ့ပိုးဖို့အတွက် တခါမှ အသုံးပြုခဲ့တာ မရှိဘူး။ အထူးသဖြင့် အာဏာသိမ်းပြီး‌နောက်ပိုင်းမှာ အဓိကစစ်တပ်ရဲ့ ထောက်ပို့ရေးကိစ္စတွေ လူအင် အား ဖြည့်တင်းရေးကိစ္စကိုတော့ ရဟတ်ယာဉ်တွေနဲ့ အများဆုံး ပို့ဆောင်တာ တွေ့ရတယ်။ အဲဒီတင်ပို့မှုနဲ့အတူ စစ်မြေပြင် စစ်ကြောင်းထိုးခြင်းကနေတဆင့် ရွာတွေကို အများကြီးဖျက်ဆီးတာရှိတယ်။ လူထုတွေကို သတ်ဖြတ်တာရှိတယ်။အဲဒါကြောင့်မို့ ထောက်ပို့လေယာဉ်တွေက ပိုပြီးတော့မှ စစ်အာဏာရှင်စနစ်ကို တည်မြဲအောင် စစ်အာဏာရှင်ရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် ပိုပြီးအားဖြည့်တဲ့ ပုံစံမျိုးပဲ ဖြစ်မှာပါ”လို့ ဆိုပါတယ်။

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ အောက်တိုဘာအတွင်း နိုင်ငံအနှံ့အပြားမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ၁၂၄ ကြိမ် ပြုလုပ်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူတွေ ကျောင်းသားကျောင်းသူ ကလေးသူငယ်တွေ အပါအဝင် စုစုပေါင်း ၁၆၅ ဦး သေဆုံးခဲ့ရပြီး ၃၀၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

တိုက်ခိုက်မှုတွေမှာ ဂျက်တိုက်လေယာဉ်တွေ အပါအဝင် သယ်ယူပို့ဆောင်ရေးနဲ့ ကင်းထောက်လေယာဉ်တွေအပြင် Paramotor နဲ့ Gyrocopter တို့လို အလွယ်တကူ အသုံးပြုနိုင်တဲ့ စက်တပ်လေထီးတွေကို ပိုမိုအသုံးပြုလာတာလို့ MDSI က သုံးသပ်ပါတယ်။

စစ်ခေါင်းဆောင်ကတော့ လေတပ်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို အောင်မြင်စွာ ထမ်းဆောင်နိုင်ဖို့ သယ်ယူပို့ဆောင်ရေး လေယာဉ်၊ ရဟတ်ယာဉ်တွေဟာ အရေးပါတဲ့ လိုအပ်ချက်တစ်ရပ်လို့ ဆိုပါတယ်။

လတ်တလော နိုင်ငံတကာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေသာမက ပြည်တွင်းက အခြေအနေတွေမှာပါ လေယာဉ်၊ရဟတ်ယာဉ်တွေ ဒရုန်းနဲ့ ယူအေဗွီတွေ အပါအဝင် လေကြောင်းစွမ်းအားအရင်းအမြစ်တွေ မရှိမဖြစ် လိုအပ်လာတယ်လို့ ပြောပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က နွေဦးတော်လှန်ရေးကာလအတွင်း လေကြောင်းအရေးသာမှုကို အသုံး ပြုလာနေတဲ့ စစ်တပ်က သယ်ယူပို့ဆောင်ရေး လေယာဉ်တွေနဲ့ ရှေ့တန်းအထိ ချေမှုန်းမယ့် အနေ အထားလို့ သုံးသပ်ပါတယ်။

“သယ်ယူပို့ဆောင်ရေးအတွက် ခြေစစ်အခန်းကဏ္ဍကို မြေကြောရှုပ်တော့မှာပေါ့။အရပ်စကားနဲ့ပြောရရင် မြေကြောရှုပ်တော့မယ် အရင်လို ခြင်းကျား‌တောင်းတွေ ထမ်းပြီး ကော့ပဲ့ ကော့ပဲ့နဲ့ သွားတာထက်စာရင် ရှေ့တန်းလို့ ခေါ်တဲ့ ချေမှုန်းရေးအထိ သူတို့က ချပြီး ခေတ်သစ် စစ်ပွဲအနေအထားကို ပြောင်းလဲလိုတဲ့ အနေအထားမျိုးလို့ သုံးသပ်ရပါတယ်ဗျ”လို့ ဆိုပါတယ်။

လက်ရှိမှာလည်း တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ အညာဒေသအပါအဝင် ချင်း၊ကရင်နီနဲ့ ကရင်ဒေသတို့မှာ စစ်တပ်က အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုးနေသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်နေတာပါ။

ဒါ့အပြင် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ စစ်တပ်က အရပ်သားပစ်မှတ်ကို ဦးတည်ကာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြကြပါတယ်။

နိုဝင်ဘာ ပထမပတ်အတွင်း အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်တွေထဲမှာ မန္တလေးတိုင်း၊မကွေးတိုင်း၊ကရင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ အများဆုံးဖြစ်ပွားနေတာပါ။ အဲဒီအတွက်ကြောင့် အနည်းဆုံး အရပ်သားပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

လေကြောင်းရန်ကာကွယ်ရေးတပ်ကနေ CDM ပြုလုပ်ထားတဲ့ တပ်ကြပ်ကြီးဇေယျက အရပ်သားပစ်မှတ်တွေကို စစ်တပ်က ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“လေကြောင်းတိုက်ခိုက်မှုတွေမှာ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တာတွေကတော့ ဆက်ပြီးတော့ ရှိလာဦးမှာပါပဲ။ ပိုပြီး ပြင်းထန်လာနိုင်တယ်ဆိုတာက ရခိုင်ဘက်လို နေရာမျိုးတွေမှာ အရပ် သားတိုက်ခိုက်မှုတွေက တော်တော်ကို များလာနိုင်တယ်။ ဘာကြောင့်လဲဆို သူတို့က (စစ်တပ်) လက်စားချေတဲ့ ပုံစံမျိုး လုပ်တာ။ဥပမာ စက်တင်ဘာလလောက်မှာ နတ်ရေကန်မှာ သူတို့ ပြင်း ပြင်းထန်ထန် ခံလိုက်ရတဲ့အချိန်မှာ သိပ်မကြာဘူး၊ ကျောက်တော်မြို့က စာသင်ကျောင်းကို ဗုံးသွားကြဲတာပေါ့”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေမှုအပေါ် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတချို့ဟာ သူတို့ လိုလားချက်အတိုင်း မဟုတ်တဲ့အတွက် မဖြစ်မြောက်အောင် ပျက်ပြားအောင် နည်းပေါင်းစုံနဲ့ ဟန့်တားနေတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအဖွဲ့တွေကလည်း တဖြည်းဖြည်း အရေးနိမ့်လာနေသလို စစ်တပ်အနေနဲ့ ဟန့်တားချေမှုန်းဖို့ အထူးလိုအပ်ပြီး ပြည်သူလူထုရဲ့ အကူအညီကို ရယူကာ ဆက်လက်တိုးတက် လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့တာပါ။

စစ်ရေးအကဲခတ်တွေကတော့ ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်တွေကို စစ်တပ်က ပြန်လည် လက်လွှတ်မခံရရေး အပြည့်အဝ ထိန်းချုပ်ထားမှာဖြစ်ပြီး လက်လွှတ်နယ်မြေတွေကိုတော့ စစ်ရေး၊နိုင်ငံ‌ရေးနည်းလမ်းအပြင် လေကြောင်းနဲ့ပါ အရှိန်မြှင့်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.