မော်လမြိုင် ၊ နိုဝင်ဘာ ၉

မွန်ပြည်နယ်မှာ အချိန်အခါမဟုတ် ရာသီဥတု ဖောက်ပြန်ပြီး မိုးရွာသွန်းမှုကြောင့် ကုန်စိမ်းသီးနှံစိုက် ပျိုးသူတွေ အရှုံးပေါ်ပြီး ပြန်စိုက်ဖို့ ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြည်နယ်တဝန်းမှာ အခုလ ပထမအပတ်တွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနေတာကြောင့် ကုန်စိမ်းသီးနှံတွေဖြစ်တဲ့ ငရုတ်၊ ပြောင်းဖူး၊ ခရမ်းသီး၊နံနံပင်အပါအဝင် ခရမ်းချဉ်သီးနှံတို့ဟာ အပင်တွေ ပုပ်ကာ ပျက်စီးဆုံးရှုံးတွေ ဖြစ်ပေါ်ခဲ့တာပါ။

ကုန်စိမ်းသီးနှံစိုက်ပျိုးသူတစ်ဦးကတော့ မိုးသွန်းမှုကြောင့် စိုက်ပျိုးထားတဲ့ အပင်တွေ ပုပ်ကာ ပျက်စီးသွားတာကြောင့် မျိုးစေ့ဖိုး၊ ဓာတ်မြေဩဇာခအပြင် လုပ်အားခတွေပါ ရှုံးဆုံးရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ဆီမှာ စိုက်တာက ခရမ်းချဉ် စိုက်မယ်။ ငရုတ် စိုက်တယ်။ နောက်ပြီးတော့ နံနံပင်ပေါ့။ ကုန်စိမ်းတွေပေါ့ ပြောမယ်ဆို ပျက်ကြတာပေါ့။ ဒီမိုးနဲ့ ရာသီဥတုနဲ့က မိုးများလို့ အပင်ခြေရင်း ရေဝတ်သွားတာနဲ့ သူတို့က သူ့အမြစ်တွေက ပုပ်သလို ဘာသလို ဖြစ်ပြီးတော့ အပင်က တစ်ခါတည်း နွမ်းသွားတဲ့ သဘောမျိုးပေါ့။ အရင်းအနှီးလည်း များတယ်။့ မျိုးစေ့ဖိုးတွေ ရှုံးတယ်။ ဒီဝဲခတွေ ရှုံးမယ်။ လုပ်အားခတွေ ရှုံးမယ်”လို့ ဆိုပါတယ်။

ကုန်စိမ်းသီးနှံစိုက်ပျိုးသူတွေဟာ သွင်းအားစုစရိတ် ကြီးမြင့်တာ၊ လုပ်သားရှားပါးတာအပြင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုတွေကြားမှာ စိုက်ပျိုး ထားရပေမယ့် အခုလို အချိန်အခါ မဟုတ် မိုးရွာသွန်းတာကြောင့် သဲထဲရေသွန် အဖြစ်မျိုးနဲ့ ကြုံနေရတယ်လို့ တောင်သူတွေက ပြောကြပါတယ်။

ကုန်စိမ်းသီးနှံ သုံးဧက ကျော် စိုက်ပျိုးထားတဲ့ တောင်သူတစ်ဦးကလည်း မိုးရွာသွန်းမှုကြောင့် အရင်းအနှီး သိန်း ၅၀ ကျော် ဆုံးရှုံးခဲ့ရပြီး ပြန်စိုက်ဖို့ ငွေကြေးအခက်အခဲ ရှိနေတယ်လို့ ပြောပါတယ်။

မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကတော့ အချိန်အခါမဟုတ် မိုးရွာသွန်းရတာဟာ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်း မုန်တိုင်း ခန့်မေဂီ အရှိန်ကြောင့် ဖြစ်ပြီး နိုင်ငံအတွင်းရှိ တိုင်းနဲ့ ပြည်နယ်အများစုမှာ နိုဝင်ဘာ ၁၀ ရက်နေ့ထိ မိုးဆက်လက် ရွာသွန်းနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်မှာတော့ ကုန်စိမ်းသီးနှံတွေဖြစ်တဲ့ ငရုတ်၊ ပြောင်းဖူး၊ ခရမ်းသီး၊နံနံပင်နဲ့ကော်ဖီတို့ကို အများဆုံး စိုက်ပျိုးကြတာ ဖြစ်ပြီး ထွက်ရှိလာတဲ့ ကုန်စိမ်းသီးနှံတွေကိုတော့ ဒေသတွင်းအပြင် တိုင်းနဲ့ပြည်နယ်တချို့ကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.