နေပြည်တော် ၊ နိုဝင်ဘာ ၁

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲလို့ စစ်ကော်မရှင်က အမြဲတစေ ဟစ်ကြွေးနေပေမယ့် ဒီမိုကရေစီစံနှုန်းအရ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ရေးသားခွင့်တွေကိုတော့ ပြဌာန်းထားတဲ့ ဥပ ဒေနဲ့ ပိတ်ပင်မှုတွေ လုပ်လာနေပါတယ်။

လာမယ့် ဒီဇင်ဘာနှောင်းပိုင်းမှာ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ထုတ်လွှင့်ခဲ့တဲ့ အသိပညာပေးဇာတ်လမ်းနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ကြသူတွေကို လူမှုကွန်ရက်ကနေ ဝေဖန်ရေးသားသူတချို့ကို စစ်ကော်မရှင်က ဖမ်းဆီးအရေးယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့က “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့် သူများ” ရွေးကောက်ပွဲအသိပညာပေး ဇာတ်လမ်းကို စစ်ကော်မရှင်ရဲ့ အစီအစဉ်နဲ့ နိုင်ငံပိုင် ဝါဒဖြန့် ရုပ်သံချန်နယ်တွေအပါအဝင် လူမှုကွန်ရက် ပလက်ဖောင်းတွေမှာ ထုတ်လွှင့်ခဲ့ပါတယ်။

ဒီအပေါ် စစ်တပ်ဝါဒဖြန့်မှုလို့ ဝေဖန်ရေးသားတာတွေ ရှိခဲ့သလို ဇာတ်လမ်းမှာ သရုပ်ဆောင်ခဲ့ကြတဲ့ အနုပညာရှင်တွေကိုလည်း ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူတွေက သပိတ်မှောက်ကာ လူမှုပြစ်ဒဏ်တွေလည်း လုပ်ခဲ့ကြတာပါ။

ဒါကို စစ်ကော်မရှင်က လူမှုကွန်ရက်ကနေတဆင့် မဟုတ်မမှန် ဝေဖန်ရေးသားလို့ ရွေးကောက်ပွဲအပေါ် ပြည်သူလူထုကနေ အထင်မြင်လွဲမှားစေအောင် လုပ်ဆောင်ခဲ့တဲ့ ဒါရိုက်တာ မိုက်တီးအပါအဝင် ဇာတ်ပို့နဲ့ ဟာသ သရုပ်ဆောင် သုံးဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့ အောက်တိုဘာ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့် သူများ” ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ပြည်ပရောက် အဆိုတော် ရန်ရန်ချမ်းက သူ့ရဲ့ Facebook အကောင့်မှာ ဝေဖန်ရေးသားထားတဲ့ ပိုစ့်ကို ပြည်တွင်းရှိ ဒါရိုက်တာ အောင်ချမ်းလူက Love React ပေးခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ဒါပေမယ့် လောဆယ်အထိ စစ်ကော်မရှင်ဘက်က နိုင်ငံပိုင် ဝါဒဖြန့်သတင်းစာတွေနဲ့ လူမှုကွန်ရက်တွေပေါ်မှာ သတင်းထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က ဒီမိုကရေစီ ထူထောင်ဖို့ ရွေးကောက်ပွဲကျင်းပတာဖြစ်လို့ ဝေဖန်မှုတွေအပေါ် ဖမ်းဆီးတာဟာ ကိုယ့်မြင်းကိုယ်စိုင်းနေတာလို့ သူ့အမြင်ကို ပြောပါတယ်။

“ရွေးကောက်ပွဲရဲ့ အနှစ်သာရဆိုတာ ဒီမိုကရေစီ ထူထောင်ဖို့ပါ။အခုကတော့ ဒီမိုကရေစီရဲ့ အခြေခံ Government of the people, by the people, for the people, ဆိုတဲ့ ဆန့်ကျင်ဘက်ပေါ့ဗျာ။ အခုကတော့ ခေတ်သမိုင်းကို ဒုန်းစိုင်းကြတာ ကိုယ့်မြင်းကိုယ်စိုင်း ဒုန်းစိုင်းနေတာလား မသိဘူး။ ဒီလိုမျိုး ဆိုရှယ်မီဒီယာကနေပြီးတော့ အသဲလေးပေးတာ ဟ ဟ ပေးတာလောက်နဲ့တင်ပဲ လူတွေကို အညှိုးတကြီးနဲ့ ဖမ်းတယ်ဆိုတော့ ဒီရွေးကောက်ပွဲရဲ့ ဒီမိုကရေစီအပေါ် ထားတဲ့ သဘောထားကို ပိုသိရတာပေါ့နော်။ သေချာတကတော့ ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီခိုင်မာအောင် လုပ်တဲ့ ရွေးကောက်ပွဲ လုံးဝ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။

စစ်ကော်မရှင်ကတော့ အနုပညာရှင်တချို့ကို ဖမ်းဆီးတာဟာ မကြာမီ ကျင်းပမယ့် ရွေးကောက်ပွဲ အောင်မြင်စေရေး သူတို့ တတ်ကျွမ်းတဲ့ အနုပညာကဏ္ဍကနေ ပူးပေါင်းပါဝင်ခြင်း မရှိတဲ့အပြင် အခြားသူတွေရဲ့ တစ်တပ်တစ်အား ပူးပေါင်းမှုအပေါ် ဝေဖန်တိုက်ခိုက်တာလို့ စွပ်စွဲထားတာပါ။

ဒါကြောင့် သူတို့ကို ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေနဲ့ ထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုပါတယ်။ဒါပေမယ့် ဘယ်ပုဒ်မတွေနဲ့ တရားစွဲသွားမယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ မဖော်ပြထားပါဘူး။

တစ်ဘက်မှာ လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် ဝါဒဖြန့် စည်းရုံးရေးတွေမှာ အနုပညာရှင်အသိုင်းအဝိုင်းက နာမည်ကြီး သရုပ်ဆောင်တွေ တစ်ယောက်မကျန် ပါဝင်ပေးရမှာဖြစ်ပြီး ငြင်းဆန်ရင်တော့ အရေးယူမယ်လို့ ညွန်ကြားထားတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က စစ်ကော်မရှင်လက်အောက်ခံ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးအေးကြွယ်က ရန်ကုန်မြို့မှာရှိတဲ့ အနုပညာအသိုင်းအဝိုင်းက လူတွေကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။

အဲဒီ တွေ့ဆုံမှုအတွင်း ရွေးကောက်ပွဲဆိုင်ရာ ဝါဒဖြန့် စည်းရုံးလှုံ့ဆော်တဲ့ စာသားတွေကို ဗီဒီယိုအတိုနဲ့ တစ်ယောက်ချင်းစီ ပါဝင်ပြောဆိုပေးရမှာဖြစ်ပြီး စစ်ကော်မရှင်ဘက်ကနေ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ရုပ်သံနဲ့ ပလက်ဖောင်းအစုံမှာ ထုတ်လွှင့်သွားမယ်လို့ သတင်းရင်းမြစ်ဆီက သိရပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က သူတို့ ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက ထောက်ခံခြင်းမရှိတဲ့အပေါ် ဖာထေးဖို့အတွက် အနုပညာရှင်တွေကိုပါ တာဝန်ပေးလာတာလို့ သူ့အမြင်ကို ပြောပါတယ်။

“ဒီရွေးကောက်ပွဲပျက်လို့ကို မဖြစ်ဘူး။ အခုနိုင်ငံတကာလည်း မထောက်ခံတော့ UN ကလည်း ပြောပြီ။ အနောက်နိုင်ငံတွေကလည်း ပြောပြီ။ ဥရောပကလည်း ပြောပြီ။ အာဆီယံကလည်း သူပြောပြီ။ ဆိုတဲ့အခါကျတော့ အရှက်က ကွဲနေပြီလေ။ အဲဒါကို အရှက်ကွဲနေတာကို ဖာဖို့အတွက် အခုဆို အနု ပညာရှင်တွေကို အမိန့်ထုတ်လိုက်ပြီလေ။ ဒီဇင်ဘာ မကျော်မချင်း ဘယ်အနုပညာရှင်မှ နိုင်ငံခြားမထွက်ရဘူး။ နောက် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တာဝန်ပေးရင် လုပ်ရမယ်။ မလုပ်ရင် အရေးယူမယ်။ စာတွေလည်း ထွက်သွားပြီ။ ပြန်ကြားရေး ညွန်ချုပ်လက်မှတ်နဲ့။ ဆိုတော့ အခုဒါတွေ (အနုပ ညာရှင်တချို့ကို) ဖမ်းတာက သူတို့ သေနတ်အောက်မှာ နေရတာပဲလေ”လို့ ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုအကြောင်းပြချက်နဲ့ စစ်တပ်က နိုင်ငံ့အာဏာကို သိမ်းယူခဲ့ပြီးနောက်ပိုင်း နိုင်ငံတဝန်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲတွေ ဒီကနေ့အထိ ဖြစ်ပွားနေတာပါ။

ဒီအပေါ် အာဏာသိမ်း စစ်တပ်ကနေ စစ်ကောင်စီ၊ စစ်ကော်မရှင် စတဲ့ အမည်နာမတွေနဲ့ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီး ရွေးကောက်ခံအစိုးရသက်တမ်း နည်းတူ ၅ နှစ်ကြာ အုပ်ချုပ်ဖို့ ဖြစ်လာပါတယ်။

အရေးပေါ်အခြေအနေကိုတော့ နောက်ဆုံးခေါ်ယူခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပယ်ဖျက်ခဲ့ပြီး ဒီနှစ်ကုန်ပိုင်းမှာ စတင်ကျင်းပမယ့် အပိုင်းလိုက် ရွေးကောက်ပွဲ အောင်မြင်ရေး စစ်ကော်မရှင်က ကြိုးပမ်းလာနေတာပါ။

အကြိုကာလမှာတော့ ရွေးကောက်ပွဲပျက်ပြားအောင် ဟောပြောလှုံ့ဆော်တာ ဆန္ဒပြတာ စာရေးသားဖြန့်ချိတာ နှောင့်ယှက်ဟန့်တားတဲ့ စွပ်စွဲချက်နဲ့ လက်ရှိအချိန်အထိ ဖမ်းဆီးခံရသူအရေအတွက် အယောက် ဆယ်နဲ့ချီ ရှိလာနေပါပြီ။

ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃ (က) အရ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ရင် ထောင်ဒဏ် အနည်းဆုံး သုံးနှစ်ကနေ ခုနှစ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဖော်ပြထားတာပါ။

လူ့အခွင့်အရေးကြေညာစာတမ်းအရ အစိုးရတွေဟာ ပြည်သူလူထုရဲ့ ဆန္ဒအပေါ် ရွေးကောက်ခံမယ်ဆိုတဲ့အချက် ပါဝင်တဲ့အတွက် ပြည်သူလူထုကို အုပ်ချုပ်တဲ့ အစိုးရကို ရွေးကောက်ခွင့်ဟာ လူသားတိုင်းရဲ့ အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။

ဒါကြောင့် ဖိနှိပ်မှုတွေ ရှိပေမယ့်လည်း ရွေးကောက်ပွဲကာလသုံးရပ်စလုံးမှာ တရားဝင်မှု ရှိ မရှိ သက်သေတွေ ရဖို့ သန်းချီတဲ့ ပြည်သူတွေရဲ့ ဝေဖန်ထောက်ပြမှုတွေ ရပ်မသွားသင့်ဘူးလို့ ဦးတိုးဇော်လတ်က အကြုံပြုပါတယ်။

“အခုလို ဖိနှိပ်မှုတွေ ရှိနေပေမယ့်လည်း ဝေဖန်မှုတွေ ထောက်ပြမှုတွေတော့ ရပ်မသွားစေချင်ပါဘူး။ ရွေးကောက်ပွဲက အဆင့်သုံးခုဗျ။အခုကတော့ အကြိုမဲဆွယ်ကာလ ပြီးရင် ရွေးကောက်ပွဲနေ့ ပြီးလို့ရှိရင် ရွေးကောက်ပွဲအလွန် တရားဝင်မှုဆိုတာကို အဆင့်သုံးခုစလုံးမှာ ကျွန်တော်တို့ ထောက်ပြစရာတွေ အများကြီးရှိတာကို ထောက်ပြရလိမ့်မယ်။ ဒီထက်ပိုပြီး လူတွေ သိန်းနဲ့သောင်းနဲ့ သန်းနဲ့ချီပြီး ထောက်ပြသင့်တယ်။ အဲဒါမှလည်း ရွေးကောက်ပွဲအလွန် ရွေးကောက်ပွဲရဲ့ တရားဝင်မှုက ဘာမှ မရှိခဲ့ပါလားဆိုတဲ့ သက်သေတွေ ရမှာပေါ့”လို့ ဆိုပါတယ်။

အပိုင်း ၁ အထွေထွေရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ နိုင်ငံတဝန်းရှိ ၁၀၂ မြို့နယ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး နောက်နှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာတော့ အပိုင်း ၂ အဖြစ် မြို့နယ် ၁၀၀ မှာ ပြုလုပ်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာပါ။

အပိုင်းသုံးပိုင်းနဲ့ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတော် အာဏာလွှဲအပ်ပေးသွားမယ်လို့ စစ်ကော်မရှင်က မပြတ်တမ်း ကြွေးကြော်နေတာပါ။

ပြည်သူတွေကတော့ အဲဒီ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အလွန်အားနည်းနေပြီး ရပ်ကျေးရုံးတွေမှာ ကပ်ထားတဲ့ မဲစာရင်းတွေကိုတောင်မှ ကြည့်ရှုစစ်ဆေးဖို့ စိတ်အားမထက်သန်ဘူးလို့ ထုတ်ပြောထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.