ကော့ကရိတ်၊ နိုဝင်ဘာ ၁
ကရင်ပြည်နယ် ကော့ကရိတ်မြောက်ပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန် ရေးအင်အားစုတွေအကြား တိုက်ပွဲတွေဆက်ဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ကော့ကရိတ်မြို့မြောက်ဘက် ဒေါနတောင်ပေါ်လမ်းဟောင်းရှိ အောက်ဘိုတဲဘက်ကို ဦးတည်စစ် ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့အကြား မြပတိုင်၊ ထီဖိုးစံကျေးနယ်တဝိုက်မှာ အောက်တိုဘာလ ဒုတိယအပတ်ကစပြီး တိုက်ပွဲတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပွားလျက်ရှိနေတာပါ။
ကော့ကရိတ်မြို့နယ်ထဲက အရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်တဲ့ ကော့ကရိတ်-နဘူးလမ်းကို အောက်တိုဘာ ၆ ရက်နေ့က စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်နိုင်တဲ့နောက် အဲဒီလမ်းပိုင်းအရှေ့ဘက်ခြမ်းရှိ ကျေးရွာတွေထဲကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာခဲ့ပြီး နယ်မြေရှင်းလင်းမှုတွေ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။
အထူးသဖြင့် စစ်ကော်မရှင်တပ်က ကော့ကရိတ်-နဘူးလမ်းပိုင်းအနီးက မြပတိုင်ရွာကနေတစ်ဆင့် ဒေါနတောင်ပေါ်လမ်းဟောင်းရှိ အောက်ဘိုတဲဆီ ဦးတည်လာပြီး စစ်ကြောင်းထိုးလာခဲ့ရာမှာ တော် လှန်ရေးအင်အားစုတို့နဲ့ အောက်တိုဘာ ၃၀ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေခဲ့တာပါ။
ကော့ကရိတ်မြောက်ပိုင်း မြပတိုင်၊ ထီဖိုးစံကျေးနယ်တဝိုက် တိုက်ပွဲတွေအတွင်း စစ်ကော်ရှင်တပ်က လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးသွားခဲ့ပြီး မြပတိုင် ထီဖိုးစံ နောင်းမီ ကော့ဖန်ရပ် မိဖာလယ်စတဲ့ ကျေး ရွာတွေက ဒေသခံအများအပြားဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးကို ပြန်လည်ထိန်း ချုပ်နိုင်ခဲ့ပေမယ့် ဒီကနေ့အချိန်အထိ ပြန်မဖွင့်နိုင်သေးသလို ကော့ကရိတ်-မြဝတီ ဒေါနတောင်ပေါ်လမ်းဟောင်းကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်မျက်နှာ ၂ နေရာထက်မနည်းကနေ စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

