ဗျူနိုအေရိစ်၊ အောက်တိုဘာ ၂၇

သမ္မတသက်တမ်း ပထမဆုံး နှစ်နှစ်အတွင်း အသုံးစရိတ် သိသိသာသာသာ လျှော့ချမှုတွေ၊ လွတ်လပ်တဲ့ ဈေးကွက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပြီးနောက် အာဂျင်တီးနားသမ္မတ ဟာဗီယာ မီလေးရဲ့ ပါတီဟာ အောက်တိုဘာ ၂၆ ရက် ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပါတယ်။

သူ့ရဲ့ ပါတီ La Libertad Avanza ဟာ မဲ ၄၁ ရာခိုင်နှုန်း ရရှိခဲ့ပြီး ယှဉ်ပြိုင်ခဲ့တဲ့ အထက်လွှတ်တော် အမတ်နေရာ ၂၄ နေရာမှာ ၁၃ နေရာ၊ အောက်လွှတ်တော် ၁၂၇ နေရာမှာ ၆၄ နေရာ အနိုင်ရခဲ့ပါတယ်။

သူ့ရဲ့ပါတီ ကြီးကြီးမားမား အနိုင်ရလိုက်တာကြောင့် သမ္မတရဲ့ အစိုးရ စရိတ် လျှော့ချရေးနဲ့ စီးပွားရေးဆိုင်ရာ ကန့်သတ်တားမြစ်ချက်တွေကို ဖယ်ရှားရေး အစီအစဉ်ကို ဆက်လက် လုပ်ဆောင်ဖို့ ပိုမို လွယ်ကူသွားတော့မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် သမ္မတ မီလေးရဲ့မဟာမိတ် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က အာဂျင်တီးနား အသက်ဆက်ဖို့ အမေရိကန်က ကြေညာထားတဲ့ ဒေါ်လာ ၄၀ ဘီလီယံဟာ မီလေးရဲ့ နိုင်ငံရေး အရှိန်ကို ထိန်းထားနိုင်မှု အပေါ် မူတည်နေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနား ရွေးကောက်ပွဲမှာ ပြည်ပက ကြားဝင်စွက်တယ်လို့ ဝေဖန်သူတွေက ထရန့်ကို အပြစ်တင်ထားကြပေမယ့် မီလေးရဲ့ ထောက်ခံသူတွေက ထရန့်ရဲ့ ပြောဆိုမှုကို ကြိုဆိုခဲ့ကြပါတယ်။

အဲဒီ ရွေးကောက်ပွမတိုင်ခင်က သမ္မတ မီလေးရဲ့ ပါတီဟာ အထက်လွှတ်တော်မှာ ၇ နေရာ၊ အောက်လွှတ်တော်မှာ ၃၇ နေရာပဲ ရရှိထားခဲ့တာ ဖြစ်ပါတယ်။

အရင်က အနေအထားကြောင့် အသုံးစရိတ် လျှော့ချရေး ပြုပြင်ပြောင်းလဲရေး သူ့ရဲ့ စီမံကိန်းတွေဟာ နိုင်ငံရေးဆိုင်ရာ အတားအဆီးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အစိုးရ တက္ကသိုလ်တွေအတွက် ရန်ပုံငွေ တိုးပေးမယ့် ဥပဒေကြမ်းကို မီလေးက ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပြီး ခန္ဓာကိုယ် မသန်စွမ်းသူတွေနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စရိတ်လျှော့ချမှုကိုတော့ အတိုက်အခံ လွှတ်တော်အမတ်တွေက ပြောင်းပြန်လှန်ထားပါတယ်။

သမ္မတ မီလေးဟာ မဲဆွယ်ကာလအတွင်း စက်လွှကိုင်ပြီး မဲဆွယ်ခဲ့သူ ဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲတွေဟာ ၂၀၂၃ ခုနှစ် သမ္မတအဖြစ် သူစတင် တာဝန်ထမ်းဆောင်ပြီး နောက်ပိုင်း သူ့ရဲ့ လူကြိုက်များမှုကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စမ်းသပ်မှု ဖြစ်ပါတယ်။

သူဟာ အဲဒီအချိန်ကတည်းက ပညာရေး အသုံးစရိတ်၊ ပင်စင် လစာ၊ အခြေခံ အဆောက်အအုံနဲ့ အမတော်ကြေးတွေအတွက် ရန်ပုံငွေတွေ လျှော့ချခဲ့ပြီး အစိုးရအလုပ်သမား ထောင်ပေါင်းများစွာကို ထုတ်ပယ်ခဲ့တာပါ။

ငွေဖောင်းပွမှုကို ထိန်းချုပ်ရေး လုပ်ဆောင်မှုတွေအတွက် သမ္မတကို ထောက်ခံသူတွေ ရှိနေပေမယ့် စီးပွားရေး အဆင်မပြေ ဖြစ်မှုနဲ့ အလုပ်လက်မဲ့ ဖြစ်မှုတို့အတွက် အပြစ်တင်နေသူတွေလည်း ရှိပါတယ်။

သမ္မတ မီလေးသာ ရွေးကောက်ပွဲ အနိုင်မရခဲ့ဘူးဆိုရင် အမေရိကန်က ထောက်ပံ့မယ့် ရန်ပုံငွေတွေ ရရှိတော့မှာ မဟုတ်ဘူးလို့ ထရန့်က သတိပေးထားခဲ့တာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.