ကွာလာလမ်ပူ အောက်တိုဘာ ၂၇

မရေရာ မသေချာမှုတွေ ပိုများလာနေတဲ့ ကမ္ဘာမှာ အာဆီယံအနေနဲ့ တသားတည်း အတူတကွ ရပ်တည်ရမှာ ဖြစ်ပြီး မဟုတ်ရင်တော့ ကမ္ဘာ့စင်မြင့်ထက်မှာ ယုံကြည်မှုနဲ့ ဆက်စပ်မှု ဆုံးရှုံးသွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ စင်ကာပူဝန်ကြီးချုပ် လောရင့်စ် ဝေါင်က အောက်တိုဘာ ၂၆ ရက်က သတိပေးလိုက်ပါတယ်။

ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ ၄၇ ကြိမ်မြောက် အာဆီယံညီလာခံ ပထမဆုံးနေ့အပြီး တံခါးပိတ်အစည်းအဝေးမှာ သူက အာဆီယံအနေနဲ့ ယုံကြည်စိတ်ချနိုင်မှုကို ထိန်းသိမ်းရမှာ ဖြစ်ပြီး သဘောထား ကွဲလွဲမှုတွေကို ဖြေရှင်းနိုင်တဲ့ အရည်အချင်းရှိကြောင်း အဖွဲ့ဝင်တွေကြား ငြိမ်းချမ်းမှုကို ထိန်းသိမ်းနိုင်စွမ်းရှိကြောင်း ပြသရမယ်လို့ ပြောလိုက်တာပါ။

အောက်တိုဘာ ၂၇ ရက် မနက်က ထုတ်ပြန်ချက်မှာတော့ ဝန်ကြီးချုပ် ဝေါင်က မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေး ပြဿနာ၊ ကမ္ဘောဒီးယားနဲ့ ထိုင်းကြား မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ နယ်စပ်ပြဿနာ နှစ်ခုစလုံးကို အလျင်အမြန် ဖြေရှင်းနိုင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ထိုင်းနဲ့ကမ္ဘောဒီးယားကြား နယ်စပ်အရေး တင်းမာမှုတွေ ရှိနေတာ ကြာပြီ ဖြစ်ပြီး ဇူလိုင်လက ဆယ်စုနှစ် များစွာအတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး လူ ၄၀ သေဆုံးခဲ့သလို ၃ သိန်းကျော် ထွက်ပြေးခဲ့ရပါတယ်။

အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုနဲ့ အပစ်ရပ်ဖို့ ဇူလိုင် ၂၈ ရက်က နှစ်နိုင်ငံ သဘောတူခဲ့ကြပါတယ်။

အောက်တိုဘာ ၂၆ ရက်က အာဆီယံညီလာခံ ပြင်ပမှာ နှစ်နိုင်ငံကြား အငြင်းပွားနေတဲ့ နယ်စပ်မှာ ရန်လိုတဲ့ လုပ်ရပ်တွေ အားလုံး ရပ်တန့်ရေး ဖမ်းဆီးထားတဲ့ စစ်သားတွေကို ပြန်လွှတ်ပေးရေး သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ် ဖြစ်နေတဲ့ မြန်မာ နိုင်ငံမှာ ချက်ချင်း ဦးစားပေး လုပ်ဆောင်ရမှာ တိုက်ခိုက်မှုတွေ လျှော့ချရေး ဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးခွင့်ရရေး၊ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာစေမယ့် အခြေအနေတွေ ဖန်တီးရေး ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဝေါင်က ပြောပါတယ်။

အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကတဆင့် သက်ဆိုင်ရာ အဓိက အဖွဲ့အစည်းတွေကြား စေ့စပ်ညှိနှိုင်းပြီးတော့ ရေရှည်တည်တံ့မယ့် အဖြေနဲ့ ရေရှည် ငြိမ်းချမ်းရေးကို ရယူနိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အာဆီယံက ရွေးကောက်ပွဲ မကျင်းပခင် မြန်မာနိုင်ငံမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ဆက်လက် တိုက်တွန်းထားပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.