နေပြည်တော် ၊ အောက်တိုဘာ ၂၈

စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ဆိုင်ရာလွှတ်တော်အလိုက် ရွေး ကောက်ပွဲဆိုင်ရာနည်းဥပဒေတွေကို ပြင်ဆင်ပြီး ကိုယ်စားလှယ်လောင်းရဲ့ ရွေးကောက်ပွဲကုန်ကျစ ရိတ်ကို တိုးမြှင့်လိုက်တယ်လို့ နိုင်ငံပိုင် ဝါဒဖြန့် သတင်းစာတွေက ဖော်ပြပါတယ်။

သက်ဆိုင်ရာလွှတ်တော်အလိုက် ရွေးကောက်ပွဲဥပဒေပုဒ်မ ၉၀ အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး နည်းဥပဒေတွေကို အောက်တိုဘာ ၂၆ ရက်နေ့မှာ ပြင်ဆင်ပြဌာန်းတာလို့ ကော်မရှင် ဥက္ကဌ ဦးသန်းစိုးက လက်မှတ်ရေးထိုးပါတယ်။

ပြင်ဆင်လိုက်တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေပါ ပုဒ်မ ၉၉ အရ ကိုယ်စားလှယ်လောင်းတစ်ဦးဟာ ရွေးကောက်ပွဲကုန်ကျစရိတ်အဖြစ် ငွေကျပ် သိန်း ၃၀၀ အထိ ခွင့်ပြုလိုက်တာပါ။

အဲဒီပုဒ်မပါ အရင်နည်းဥပဒေမှာတော့ ငွေကျပ် သိန်း ၁၅၀ ထက် ပိုပြီး သုံးစွဲခြင်း မပြုရာကနေ အခုအခါမှာ ငွေကျပ် သိန်း ၃၀၀ နဲ့ အစားထိုးပြင်ဆင်ကာ ရွေးကောက်ပွဲကုန်ကျစရိတ်ကို တိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးက ကုန်ဈေးနှုန်းနဲ့ လိုက်လျောညီထွေဖြစ်အောင် ရွေးကောက်ပွဲကုန်ကျစရိတ်ကို တိုးမြှင့်တာဖြစ်လို့ သတ်မှတ်နှုန်းထက် ကျော်ပြီး သုံးစွဲလို့ မရဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော် မြင်တာတော့ အခုကုန်ဈေးနှုန်းတွေ တက်လာတဲ့အခါကျတော့ အဲဒါနဲ့ လိုက်လျောညီ ထွေဖြစ်အောင် ခွင့်ပြုလိုက်တဲ့သဘောမျိုးလို့ နည်းနည်း သုံးသပ်မိသလားလို့။ (ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် ရွေးကောက်ပွဲကုန်ကျစရိတ်က) သူနိုင်သလောက်ပေါ့။ ဒါပေမယ့် သိန်း ၃၀၀ ထက် ကျော်လို့ မရဘူး။ ဒီမှာကတော့ ၅၀ ပဲလုပ်လုပ် ၁၀၀ ပဲ လုပ်လုပ် ရတယ်။ လျော့လို့တော့ ရတယ်။ ဒါ အရင်တုန်းကလည်း ဒီလိုပဲလေ။ကျော်ပြီးတော့ သုံးလို့တော့ မရဘူးပေါ့”လို့ ဆိုပါတယ်။

တိုင်း ဒါမှမဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၉၉ (က) အရ ကိုယ်စားလှယ်လောင်းတစ်ဦးဟာ ငွေကျပ် သိန်း ၃၀၀ အထိ သုံးစွဲခွင့်ပြုသလို (ခ) မှာလည်း တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်းတစ်ဦးဟာလည်း ငွေကျပ် သိန်း ၅၀၀ အထိ သုံးစွဲနိုင်တယ်လို့ ပြင်ဆင်ခဲ့တာပါ။

အဲဒီပုဒ်မပါ အရင်နည်းဥပဒေမှာတော့ ငွေကျပ် သိန်း ၁၅၀ ထက်ပိုပြီး သုံးစွဲခွင့်မပြုသလို တိုင်းရင်း သားလူမျိုး ကိုယ်စားလှယ်လောင်းအတွက်လည်း တစ်ဦးကို ငွေကျပ် သိန်း ၃၀၀ အထိသာ သုံးစွဲခွင့်ပြုထားတာ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေမှာလည်း ပုဒ်မ (၂၁) အရ “ငွေကျပ် သိန်း ၁၅၀ ဆိုတဲ့ စကားရပ်ကို ငွေကျပ် သိန်း ၃၀၀ နဲ့ လည်းကောင်း၊ ငွေကျပ်သိန်း ၃၀၀ ဆိုတဲ့ စကားရပ်ကို ငွေကျပ် သိန်း ၅၀၀ နဲ့ လည်းကောင်း အစားထိုးပြင်ဆင်ခဲ့တာပါ။

မွန်တိုးတက်ရေးပါတီ ခေါင်းဆောင်တစ်ဦးကတော့ ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့အပေါ် ကော်မရှင်က ရွေးကောက်ပွဲအသုံးစရိတ်ကို ပြောင်းပေးတာဖြစ်လို့ သတ်မှတ်နှုန်းအတိုင်း လောက်အောင် သုံးရမှာပဲလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုကျတော့လည်း အရာရာက ကုန်ဈေးနှုန်းကြီးမြင့်နေတော့လည်း UEC လည်း (ရွေးကောက်ပွဲကုန်ကျစရိတ်) ပြောင်းပေးတာပေါ့၊ အဲဒီလိုပဲ ယူဆရမှာပေါ့။ကျွန်‌တော်တို့လည်း (ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် အသုံးစရိတ်) ၁၀၀ နဲ့ ပေးသုံးရင် ၁၀၀ နဲ့ လောက်အောင် သုံးရမှာပဲ။ ၃၀၀ ပေးသုံးရင်လည်း၃၀၀ နဲ့ပေါ့၊ အဲဒီလိုပဲ ရှိတာပေါ့။ ထွေထွေထူးထူးတော့ မရှိပါဘူးဗျာ”လို့ ဆိုပါတယ်။

လေ့လာသူတွေကတော့ ရွေးကောက်ပွဲကုန်ကျစရိတ် တိုးမြှင့်လိုက်တာဟာ ပြည်ထောင်စုတဝန်း ဝင်ပြိုင်ကြမယ့် ပါတီတွေအတွက် မဲဆွယ်စည်းရုံးတဲ့အခါ ကိုယ်စားလှယ်လောင်းတွေရဲ့ ကုန်ကျစရိတ်ကို ပိုမိုသုံးစွဲခွင့်ရသွားတဲ့အတွက် အားသာနိုင်တယ်လို့ ဝေဖန်သုံးသပ်တာလည်း ရှိနေပြန်ပါတယ်။

သက်ဆိုင်ရာလွှတ်တော်အလိုက် နည်းဥပဒေပုဒ်မ ၉၈ (ခ) အရ လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်အတွက် မိမိကိုယ်ပိုင်ငွေနဲ့ဖြစ်စေ၊ ပြည်တွင်းရှိ နိုင်ငံသားတစ်ဦးချင်းစီက ဖြစ်စေ၊ ကုမ္ပဏီ ဒါမှမဟုတ် ကုမ္ပဏီ အစုအဖွဲ့တွေက ဖြစ်စေ တရားဝင်ရရှိထားတဲ့ ငွေကြေးတွေထဲက လှူဒါန်းတဲ့ ငွေနဲ့ ဖြစ်စေ၊ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းက ထောက်ပံ့တဲ့ ငွေနဲ့ ဖြစ်စေ ကျခံပြီးတဲ့ ကုန်ကျစရိတ်တွေလို့ ဖော်ပြပါတယ်။

တစ်ဘက်မှာ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအတွက် စုဝေးဟောပြောခွင့်နဲ့ မဲဆွယ်စည်းရုံးမယ့် နေ့ရက်နဲ့ ကပ်ပြီး ရွေးကောက်ပွဲကုန်ကျစရိတ်ဆိုင်ရာ လွှတ်တော်အလိုက် နည်းဥပဒေကို ပြင်ဆင်ပြဌာန်းခဲ့တာပါ။

မဲဆွယ်စည်းရုံးမယ့် နေ့ရက်ကိုတော့ အောက်တိုဘာ ၂၈ ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ သတ်မှတ်ကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီး ဖြစ်ပါတယ်။

ဒါပေမယ့် လူစုလူဝေးနဲ့ စီတန်းလှည့်လည် မဲဆွယ်စည်းရုံးခွင့်ကိုတော့ လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ပင်ထားပါတယ်။

မန်းအောင်ပြည်စိုးကတော့ စုဝေးဟောပြောခွင့်နဲ့ ပတ်သက်ပြီး ပါတီအနေနဲ့ မစီစဉ်ရသေးပေမယ့် ပါတီအမှတ်တံဆိပ်တွေကိုတော့ ဆိုင်းဘုတ်ထောင် စည်းရုံးသွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီအနေနဲ့ ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးမဲဆန္ဒ နယ်အပါအဝင် လွှတ်တော်သုံးရပ်စလုံးမှာ ကိုယ်စားလှယ်လောင်း ၂၆ ဦး ဝင်‌ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒီဇင်ဘာနှောင်းပိုင်းမှာ စတင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ စိစစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုတဲ့ ကိုယ်စားလှယ်လောင်း ၄၉၃၀ ကျော် ရှိနေပါတယ်။

အဲဒီထဲက ပြိုင်ဘက်မရှိတဲ့ မဲဆန္ဒနယ်မြေ ၃၁ နေရာရှိတဲ့အတွက် လွှတ်တော်အမတ်ဖြစ်မယ့် ကိုယ် စားလှယ်လောင်း ၃၁ ဦး ရှိနေပြီး စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီက ၂၈ နေရာနဲ့ အများဆုံး ရရှိထားတာပါ။

စစ်ကော်မရှင် ပြဌာန်းထားတဲ့ ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၁ (က) အရ မဲဆန္ဒနယ်တစ်ခုမှာ ကိုယ်စား လှယ်လောင်း တစ်ဦးတည်းသာရှိရင် အဲဒီမဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲမကျင်းပတော့ဘဲ အဲဒီပုဂ္ဂိုလ်ကို အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာရမယ်လို့ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.