နယးူဒေလီ၊ အောက်တိုဘာ ၂၀

ဟိန္ဒူဘာသာရဲ့ အထင်ရှားဆုံးနဲ့ လူအများ စောင့်ကြည့်တဲ့ ပွဲတော်တွေထဲ တစ်ခုဖြစ်တဲ့ မီးထွန်းပွဲတော် တနည်း ဒေဝါလီပွဲတော်မှာ အိန္ဒိယနိုင်ငံသား သန်းပေါင်းများစွာ ပါဝင်ဆင်နွှဲနေကြပါတယ်။

ပွဲတော်အတွင်း အိမ်တွေနဲ့လမ်းမတွေမှာ မီးပုံးတွေထွန်းညှိပြီး ဗျောက်အိုးတွေ ဖောက်နေကြနေချိန်မှာ လေထုညစ်ညမ်းမှုကလည်း ပိုမို ဆိုးရွားလာနေပါတယ်။

အထူးသဖြင့် နိုင်ငံမြောက်ပိုင်းမှာ လေထုညစ်ညမ်းမှုဟာ ပြဿနာ တစ်ခု ဖြစ်နေပြီး ဆောင်ရာသီ အစပိုင်းလတွေမှာ လေထုအရည်အသွေး ညံ့ဖျင်းနေပါတယ်။

အခုနှစ်မှာတော့ နိုင်ငံတော်တရားရုံးက မြို့တော်ဒေလီမှာ လေထုညစ်ညမ်းမှု လျှော့ချရေး အထောက်အကူ ဖြစ်စေဖို့ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတယ်ဆိုတဲ့ ဗျောက်အိုးတွေကို ရောင်းချခွင့် အသုံးပြုခွင့် ပေးထားပါတယ်။

ဗျောက်အိုးဖောက်တာနဲ့ ရောင်းချတာကို ၂၀၂၀ ပြည့်နှစ်ကတည်းက တားမြစ်ထားခဲ့တာ ဖြစ်ပြီး အဲဒီတားမြစ်ချက်ကို နိုင်ငံတော်တရားရုံးက အဆုံးသတ်စေလိုက်ပြီ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတယ်ဆိုတဲ့ ဗျောက်အိုးတွေဟာ ရိုးရိုးဗျောက်အိုးတွေထက် လေထုညစ်ညမ်းမှု ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း အထိ လျော့နည်းပေမယ့် ဝေဖန်သူတွေကတော့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရာမှာ ဗျောက်အိုးတွေ အစားထိုး အသုံးပြုတာရဲ့ အမှန်တကယ် ထိရောက်မှုကို မေးခွန်းထုတ်နေကြပါတယ်။

မကြာသေးခင်နှစ်တွေက ပြည်နယ်တချို့မှာ လေထုညစ်ညမ်းမှုမြင့်တက်လာတာကို တိုက်ဖျက်ဖို့ ရည်ရွယ်ပြီး ဗျောက်အိုးတွေကို တားမြစ် ကန့်သတ်ထားခဲ့ပေမယ့် အဲဒီ ဥပဒေတွေမှာ မကြာခဏဆိုသလို ချွတ်ယွင်းချက်တွေ ရှိနေခဲ့တာကြောင့် ဒေဝါလီ ပွဲတော်ပြီးနောက် ရက်ပိုင်းအတွင်း လေထု အရည်အသွေး ပိုမို ဆိုးရွားသွားလေ့ရှိပါတယ်။

လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာနေချိန်မှာ အာဏာပိုင်တွေက သမရိုးကျ ဗျောက်အိုးရောင်းချမှု အသုံးပြုမှုကို နှိမ်နှင်းခဲ့ပါတယ်။

ဒေဝါလီပွဲတော်ဟာ ဟိန္ဒူဘာသာဝင်တို့အတွက် နတ်ဆိုးတွေကို နတ်ကောင်းတွေက အောင်ပွဲရတဲ့ အထိမ်းအမှတ်ပွဲတော် ဖြစ်ပြီး ၁၄ နှစ်ကြာ တိမ်းရှောင်နေခဲ့တဲ့ အရှင်ရာမ သူ့ရဲ့ တိုင်းပြည် အယုဒ္ဒယသို့ ပြန်လာတဲ့ အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဒေဝါလီပွဲတော်ဟာ မီးထွန်း ပူဇော်ဖို့အတွက် တစ်ခုတည်း မဟုတ်ဘဲ မိသားစုတိုင်းလိုလိုက မုန့်ချိုတွေ ပြုလုပ်ပြီး လှူဒါန်းကြပါတယ်။

ဆောင်းရာသီရောက်တိုင်း လေထုညစ်ညမ်းမှု ဆိုးရွားလွန်းတဲ့ အိန္ဒိယနိုင်ငံရဲ့ ဒေသ တချို့မှာ ဒေဝါလီ ပွဲတော်ပြီးနောက် လေထုညစ်ညမ်းမှု အခြေအနေ ဘယ်လိုရှိလာမလဲဆိုတာကို ဝေဖန်သူတွေ စောင့်ကြည့်နေကြပါတယ်။
Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.