နေပြည်တော် ၊ အောက်တိုဘာ ၂၁

လာမယ့် နှစ်ကုန်ပိုင်းမှာ စတင်ကျင်းပသွားမယ့် အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲကနေ အစိုးရတစ်ရပ် ပေါ်လာရင်လည်း တော်လှန်ရေးအင်အားစုတွေကို စစ်တပ်က ဆက်လက်ရင်ဆိုင်ရနိုင်ဖွယ်ရှိတယ်လို့ စစ်ရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေက အဲဒီရွေးကောက်ပွဲကို အတုအယောင်လို့သာ သတ် မှတ်ပြီး ဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်သလို စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ ကြွေးကြော်ထားကြတာပါ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်နက်ကိုင်အကြမ်းဖက်မှုတွေ ချုပ် ငြိမ်းပြီး ဒေသတည်ငြိမ်အေးချမ်းမှုရှိစေရေး မဖြစ်မနေ ဆောင်ရွက်သွားကြရမယ်လို့ အောက် တိုဘာ ၁၉ ရက်နေ့က ပုသိမ်တပ်နယ်ရှိ အရာရှိ၊ စစ်သည်မိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ ပြောခဲ့ပါတယ်။

အခုအခါ နိုင်ငံတစ်ဝန်း ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီး တစ်နိုင်ငံလုံး တည်ငြိမ်စေရေး စစ်တပ်အနေနဲ့ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

CDM ဗိုလ်ကြီး ကောင်းသူဝင်းက စစ်တပ်အနေနဲ့ သူတို့ ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို တစ်ဆင့်ပြီးတစ်ဆင့် ပြန်တိုက်မှာဖြစ်ပေမယ့် တော်လှန်ရေးကို အမြစ်ပြတ်အောင် တိုက်နိုင်မယ့် အနေအ ထားမရှိဘူးလို့ သုံးသပ်ပါတယ်။

“စစ်ခေါင်းဆောင်ကတော့ သူတို့ ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို သူတို့ကို အပြတ်မတိုက်နိုင်ရင် သူတို့က ပြန်တိုက်မှာပေါ့။ ဒီလိုမျိုး မတိုက်နိုင်ဘူးဆိုရင် လက်တွေ့အနေအထားနဲ့ဆိုရင်တော့ ချက်ခြင်းကြီး သူတို့တိုက်နိုင်မယ့် အနေအထားမျိုး မဟုတ်ဘူး။ ဆယ်စုနှစ်တွေ အများကြီးချီပြီးတော့မှ တစ် ဆင့်ပြီးတစ်ဆင့် ဒီလိုမျိုး အဓိကကျတဲ့ မြို့တွေ မြို့တွေကနေ တဖြည်းဖြည်း ရွာတွေ ပြန်ဝင်ပြီး တိုက်တဲ့ အနေအထားမျိုးတွေ သူတို့ဘက်က အားသာသွားရင် တိုက်လာနိုင်တဲ့ အနေအထားမျိုးတွေတော့ရှိတယ်။ ဒါပေမယ့် ဒီလိုမျိုး တိုက်လည်း တော်လှန်ရေးကို အမြစ်ပြတ်တိုက်နိုင်မယ်ဆိုတဲ့ အနေအထားမျိုးက မရှိဘူး”လို့ ဆိုပါတယ်။

အချက်အလက်တွေအရ အာဏာသိမ်းမှုအတွင်း နိုင်ငံတဝန်းမှာ လက်နက်ကိုင်တပ်ဖွဲ့ပေါင်း ၅၀၀ ထက်မနည်း ပေါ်ပေါက်လာသလို အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးမှာ ပါဝင်လာခဲ့ကြတာပါ။

ဒါကြောင့် စစ်တပ်အနေနဲ့ နိုင်ငံတဝန်းရှိ မြို့ပေါင်း ၉၀ ကျော်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်‌ရေးအင်အားစုတွေရဲ့ လက်ထဲ ဆုံးရှုံးထားရပါတယ်။ အထူးသဖြင့် ရှမ်းမြောက်နဲ့ ရခိုင်ပြည်နယ်မှာ အများဆုံးဖြစ်ပါတယ်။

ဒီအခြေအနေမှာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ ပထမအကြိမ်မှာ ၁၀၂ မြို့နယ် ပြုလုပ်သွားမှာဖြစ်ပြီး ၅၆ မြို့နယ်မှာ ကျင်းပနိုင်တဲ့ အခြေအနေမရှိဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဝန်ခံထားတာပါ။

စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲလုပ်ဖို့ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေတဲ့ မြို့နယ်တွေမှာ နောင်လာမယ့် အစိုးရအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲကာလမှာ ဆက်လုပ်သွားဖို့ စဉ်းစားထားတယ်လို့ NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ ထုတ်ပြောခဲ့ပါတယ်။

ဒ့ါအပြင် ပထမအကြိမ်မှာ ၁၀၂ မြို့နယ်၊ ဒုတိယအကြိမ်မှာ မြို့နယ် ၁၀၀ နဲ့ ကျန်ရှိတဲ့ မြို့နယ်တွေကို တတိယအကြိမ်အဖြစ် ဆောင်ရွက်သွားမယ်လို့ ပြောပေမယ့် ဒုတိယကြိမ်နဲ့ တတိယကြိမ် ရွေး ကောက်ပွဲကျင်းပမယ့် နေ့ရက်ကိုတော့ ပြောမသွားခဲ့ပါဘူး။

CDM ဗိုလ်ကြီး ဇင်ယော်က နောင်တက်လာမယ့် အစိုးရအနေနဲ့ ၅၆ မြို့နယ်မှာ အပြည့်အဝ ရွေး‌ ကောက်ပွဲလုပ်နိုင်ဖို့ ခဲယဉ်းတာကြောင့် စစ်တပ်အနေနဲ့ ကာလရှည်ကြာ စစ်တိုက်နေရဦးမယ်လို့ သုံးသပ်ပါတယ်။

“ကျန်နေမယ့် မြို့နယ်တွေကတော့ နောက်တက်လာမယ့် အစိုးရပေါ့၊ သူတို့ ဖွဲ့လိုက်မယ့် တရားမဝင် အစိုးရလက်ထက်ကျခါမှ ကြားဖြတ်ရွေးကောက်ပွဲ သူတို့နည်း သူတို့ဟန်နဲ့ လုပ်ရမယ်။ အဲဒီကြားထဲမှာလည်း ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖို့ဆိုတာ သူတို့ရဲ့ စတုတ္တမျိုးဆက် စစ်တပ်ကဆက်ပြီး စစ် တိုက်နေရဦးမှာပေါ့။ အဲဒီ အနေအထားမျိုးကို သွားပြီး တွေ့ရတယ်။ အဲဒီတော့ တချို့နေရာတွေမှာ ၅၆ မြို့နယ်ကို သူတို့ပြန်ပြီး အပြည့်အဝ ရွေးကောက်ပွဲလုပ်နိုင်ဖို့ ဆိုရင် တော်တော်လေးခက်တယ်။ ဘာလို့လဲဆိုတော့ ရခိုင်မြောက်ပိုင်းတစ်ခုလုံးဆိုတာ သူတို့ ၁၀ နှစ်တောင် တိုက်ယူရမယ့် အနေအ ထားဖြစ်တယ်။ ကျန်တဲ့ နေရာတွေကလည်း ကာလရှည် သွားပြီးတော့ တိုက်ရမယ်” လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်တပ်က သူတို့ လက်လွှတ်ထားတဲ့ နယ်မြေတွေထဲက ရှမ်းမြောက်ရှိ အချက်အချာကျတဲ့ မြို့တချို့အပါအဝင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ပြည်နယ်က လေးကေ့ကော်မြို့သစ်အပါအဝင် တပ်စခန်းတွေကို ပြန်လည် ထိန်းချုပ်လာနိုင်ပါပြီ။

ဝါဒဖြန့် သတင်းစာတွေရဲ့ ဖော်ပြချက်အရ အောက်တိုဘာ ၅ ရက်ကနေ ၁၉ ရက်နေ့အတွင်း လေးကေ့ကော်မြို့သစ်၊ သင်္ဃန်းညီနောင်တပ်နယ်၊ မြဝတီအာရှလမ်းမကြီး၊ လက်ခတ်တောင်ဘုရားကုန်း၊ ရှုခင်းသာနဲ့ စွယ်တော်ကုန်းစခန်းတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအပြီး တရုတ်-မြန်မာနယ်စပ်တစ်လျှောက်ရှိ မြောက်ပိုင်းတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေကို တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် စစ်ရေးချိန်ခွင်ဟာ အပြောင်း အလဲဖြစ်လာခဲ့တာပါ။

တစ်ဘက်မှာ အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကနေ လူငယ်တွေကို အတင်းအဓမ္မ စစ် မှုထမ်းခိုင်းစေဖို့ နည်းလမ်းပေါင်းစုံသုံးပြီး သောင်းချီရရှိလာတဲ့ အင်အားနဲ့အတူ ရှေ့တန်းစစ်မြေပြင်မှာ လူလှိုင်းအဖြစ် စစ်တပ်က အသုံးချလာနိုင်ခဲ့ပါတယ်။

မြန်မာ့အိမ်နီးချင်း တရုတ်အစိုးရရဲ့ နယ်စပ်တည်ငြိမ်ရေးအကြောင်းပြချက်နဲ့ တွေ့ဆုံညှိနှိုင်းပေးမှုနဲ့အတူ နည်းပညာတွေ စစ်ဘက်ဆိုင်ရာ အကူအညီတွေကြောင့် စစ်တပ်ဟာ ပြိုလဲပျက်စီးမှုဒဏ်ကနေ ပြန်လည်ရုန်းထလာနိုင်ခဲ့တာလို့ စစ်ရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

လက်ရှိ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်အနေအထားဟာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ သိမ်းပိုက်လို့ ရနိုင်မယ့် တချို့ မြို့တွေကို တစ်ဆင့်ပြီးတစ်ဆင့် တိုက်ယူသွားတာဖြစ်ပြီး မသိမ်းယူနိုင်သေးတဲ့ မြို့တွေကိုလည်း ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲကာလတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို တွက်ဆပြီး လုံခြုံရေးကောင်းမွန်အောင် တိုးမြှင့်သွားမှာဖြစ်သလို သက်ဆိုင်ရာ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေကလည်း ပူးပေါင်းပေးကြဖို့ ပြောထားတာပါ။

ဒါ့အပြင် တိုင်းရင်းသားတွေရဲ့ ဆန္ဒနဲ့လိုလားချက်တွေကို ဒီမိုကရေစီနည်းလမ်းကျ ဆောင်ရွက်ပေးနိုင်ဖို့ နိုင်ငံရေးစင်မြင့်ဖြစ်တဲ့ လွှတ်တော်ထဲကို တိုင်းရင်းသားကိုယ်စားလှယ်တွေ စုံစုံညီညီရောက်ရှိလာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်ကတော့ စစ်ခေါင်းဆောင်အနေနဲ့ သူ့စစ်တပ် လုံးဝ ပြိုလဲပျက်စီးသွားမယ့်အရေးကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဈေးအချိုဆုံး အရောင်းအဝယ် လုပ်လာနိုင်မယ့် အနေအထားမျိုးလို့ ပြောပါတယ်။

“ရွေးကောက်ပွဲလုပ်လိုက်မယ်၊ လုပ်ပြီးမှ လွှတ်တော်ထဲမှာမှ ERO တွေကို ကျွန်တော်တို့ မှန်းခဲ့သလိုပဲ ဖက်ဒရယ်ပုံစံမျိုးကို ဈေးပေါပေါနဲ့ ပေးပြီးခါမှ လက်ကျန် ပြည်တွင်းနေရာတွေကို (လက်လွှတ်နယ်မြေ) တိုက်စစ်ပြန်ဆင်ပြီး သူတို့ စစ်တပ်က ပြည်မကို ထိန်းချုပ်မယ်၊ ကျန်တဲ့ ERO တွေကိုတော့ ဖက်ဒရယ်ပုံစံမျိုးနဲ့ မင်းတို့နယ် မင်းတို့လုပ် ဒါပေမယ့် မင်းတို့နယ်ထဲမှာလည်း ဒီတော်လှန်ရေးအဖွဲ့တွေကို မထားနဲ့ အားမပေးနဲ့ ဒီဘက်ကို ပြန်လုပ်ပေးဆိုတဲ့ ပုံစံမျိုး ဒါသူတို့ရဲ့ Roadmap (လမ်း ပြမြေပုံ) ပေါ့၊ အဲဒီလို ပုံစံမျိုးနဲ့ လုပ်လာနိုင်တယ်။ ဒါကတော့ သူတို့ရဲ့ ရွေးကောက်ပွဲမှာ ဖိတ်စာတစ်ခြမ်း ရိုက်ထားတာပေ့ါ”လို့ ဆိုပါတယ်။

စစ်‌ရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းတွေအရ အချက်အလက်တွေအရ အာဏာသိမ်းမှုအတွင်း မြို့ပေါင်း ၁၀၂ မြို့အထိ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်နိုင်ခဲ့ပြီး အခုချိန်မှာ စစ်တပ်က မြို့ ၉ မြို့ကိုသာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးလိုမျိုး စစ်တပ်ကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ အားကောင်းမောင်းသန်တဲ့ အခြေအနေမျိုးဖြစ်ဖို့ စုဖွဲ့မှုတွေ အင်တိုက်အားတိုက်လုပ်ဆောင်မှုတွေ လိုအပ်နေသေးတယ်လို့ စစ်ရေးအကဲခတ်တွေက မှတ်ချက်ပြုပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.