မော်လမြိုင်၊ အောက်တိုဘာ ၂၁

အာဏာသိမ်းစစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မွန်ညီညွတ်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်း ၃၈ ဦးထဲ အရင် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖူးတဲ့ ကိုယ် စားလှယ်လောင်း အဟောင်း ၁၀ ဦးကျော် ပါဝင်တယ်လို့ ပါတီပြောခွင့်ရ နိုင်သန်းရွှေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကတော့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း ကြေညာချက် ပုံစံ (၁၀)၊ ပုံစံ (၁၀-က)နဲ့ပုံစံ (၁၀-ခ)တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံး အပြင် ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ အောက်တိုဘာ ၁၉ ရက်နေ့က စလို့ ကပ်ထား ကြေညာမယ်လို့ ထုတ်ပြန်ထားတာပါ။

အခုလို ထုတ်ပြန်ပြီးနောက် မွန်ညီညွတ်ရေးပါတီအနေနဲ့ မြို့နယ်အလိုက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်ထားတဲ့ ၃၈ ဦးလုံး ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း ပြန်ကျခဲ့ပြီး အဲဒီထဲမှာ အရင် ကိုယ်စားလှယ်လောင်း အဟောင်းတွေ ဖြစ်တဲ့ ဒေါက်တာ ဗညားအောင်မိုး၊ နိုင်လယိတမ၊ မင်းအောင်ထူးအပြင် တခြားကိုယ်စားလှယ်လောင်း အဟောင်းတွေ ပြန်လည်ပါဝင်နေတာ ဖြစ်ပါတယ်။

မွန်ညီညွတ်ရေးပါတီ ပြောခွင့်ရ နိုင်သန်းရွှေကတော့ အခုလို ကိုယ်စားလှယ်လောင်း အဟောင်းတွေ ပါဝင်ရတာဟာ ကိုယ်စားလှယ်လောင်း အဟောင်းတွေကို ဦးစား‌ပေးအနေနဲ့ ရွေးချယ်ခဲ့တာဖြစ်ပြီး မြို့နယ်အလိုက် ကိုယ်စားလှယ်လောင်း အဟောင်း ၁၀ ဦးကျော် ပါဝင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရွေးချယ်တဲ့ စာရင်းပုံစံက လွှတ်တော်ကိုယ်စားလှယ်အဟောင်းတွေကို ကျွန်တော်တို့ ဦးစားပေးတာပေါ့၊ ဘယ်သူဝင်မလဲ ပါတီကို စာရင်းပေးတာပေါ့။ နောက်ပြီးတော့ ဘယ်သူက စိတ်ဝင်စားလဲပေါ့။ ကျွန်တော်တို့ CEC ထဲမှာ၊ အဲဒါတွေက ကျွန်တော်တို့ အရည်အချင်း သတ်မှတ်ချက်ရှိတယ်။ အဲဒီအရည်အချင်း သတ်မှတ်ချက်ကို စိစစ်ပြီးတော့ ကျွန်တော်တို့ရွေးပြီး တင်လိုက်တာပေါ့။ အ ဟောင်းက ရေးမှာကျတော့ ၃ ယောက် ပါမယ်။ နောက်ပြီးတော့ သံဖြူဇရပ်မှာကျတော့ ၂ ယောက်၊ မုဒုံမှာ ၂ ယောက်ပါမယ်၊ ကျိုက်မရောမှာ ၂ ယောက် ပြန်ပါတယ်။ နောက်ပြီးတော့ ၁၀ ယောက်တော့ ကျော်မယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလို ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကျလာသလို တဖက်မှာလည်း ကိုယ် စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရမယ့် သတ်မှတ်ရက် နီးကပ်လာပေမယ့် လုံခြုံရေးနဲ့ ပတ် သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်က တစ်စုံတရာ ပြောဆိုတာ မရှိတာကြောင့် မဲဆွယ်ဖို့ အခက်တွေ့နေရတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ မွန်ညီညွတ်ရေးပါတီဟာ စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် ၇ ဦး၊ အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ် (PR) အတွက် ၆ ဦး၊ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) အတွက် ၆ ဦး၊ ပြည်နယ်လွှတ်တော် အချိုးကျ ကိုယ်စားပြု စနစ် (PR) အတွက် ၁၀ ဦးနဲ့ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) အတွက် ၉ ဦးထိ ဝင်ပြိုင်ဖို့ ရှိနေတာပါ။

တဖက်မှာ စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် ကတော့ မွန်ပြည်နယ်ရဲ့ မြို့နယ် ၁၀ ခုလုံးကို မဲဆန္ဒနယ်မြေအဖြစ် သတ်မှတ်ထားပြီး လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ် တွေမှာ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတုန်းကလည်း မဲဆန္ဒနယ်မြေပေါင်း ၄၅ နေရာအထိ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးပြီး မဲဆန္ဒနယ်မြေ ၁၂ နေရာမှာ အနိုင်ရရှိခဲ့ဖူးတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MUP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.