တနင်္သာရီ၊ အောက်တိုဘာလ ၂၁
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်းခွန်ကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်ဘက်က အင်အားတိုး စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ မြိတ်ပကဖ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဟာ အင်အား ၅၀၀ ကျော်သုံးပြီး စစ်ကြောင်း ၄ ကြောင်းခွဲကာ အောက်တိုဘာ ၁၄ ရက်နေ့ကစတင်လို့ စစ်ကြောင်းထိုးလာတာကြောင့် နေ့စဉ် ရက်ဆက်တိုက်ပွဲ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
အခုတစ်ခေါက် စစ်ကော်မရှင်ရဲ့ စစ်ကြောင်းအင်အားက များပြားပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က တန်ပြန်တိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲက နေ့စဉ်ဖြစ်လာတဲ့အပြင် အထိအခိုက်လည်း ရှိနေတယ်လို့ မြိတ်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်ဘက်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိနေပြီး တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်းထိခိုက်သူတချို့ရှိကာ အသေးစိတ်ကိုတော့ သက်ဆိုင်ရာအဖွဲ့တွေဘက်က ထုတ်ပြန်ပေးသွားမယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်ဘက်က စစ်ကြောင်းထဲမှာ အမှတ် ၄၃၁ ခြေမြန်တပ်ရင်း၊အမှတ် ၂၈၀ ခြေလျင်တပ်ရင်း၊ အမှတ် ၁၀၃ ခြေလျင်တပ်ရင်း၊ အမှတ် ၂၆၇ ခြေလျင်တပ်ရင်း ၊အမှတ် ၂၆၅ ခြေလျင်တပ်ရင်းနဲ့ အမှတ် ၁၀၁ ခြေလျင်တပ်ရင်းတို့ ပါဝင်တယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့ကို သွားရာလမ်းတလျှောက် သိန်းခွန်ကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတာက အချိန် ၁၀ လဝန်းကျင်အထိရှိလာပြီး နှစ်ဖက်ထိခိုက်သေဆုံးလည်း များပြားလာနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

