ဂျေရုစလင်၊ အောက်တိုဘာ ၂၀
အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု ဖြစ်တယ်လို့ ဟားမာ့စ်အဖွဲ့က ပြောထားတဲ့ အခြေအနေကို တုံ့ပြန်မှုအတွင်း အစ္စရေးက အောက်တိုဘာ ၁၉ ရက်မှာ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး စည်းကြပ်မှု ပြန်လည် စတင်သွားမယ်လို့ အစ္စရေးက ပြောလိုက်ပါတယ်။
ရာဖာမြို့ရှိ မိမိတို့တပ်ဖွဲ့တွေကို အကြမ်းဖက်သမားတွေက တင့်ကားဖျက် ဒုံးကျည်တွေ သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး သေဆုံးသွားတယ်လို့ အစ္စရေး စစ်တပ်က ပြောကြားပြီးနောက် ဂါဇာ တောင်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

အစ္စရေး ထိန်းချုပ်ထားတဲ့ အဲဒီဒေသမှာ တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားတယ်လို့ မကြားသိရကြောင်း ဟားမာ့စ်အဖွဲ့က ပြောထားပါတယ်။
ညနေပိုင်းရောက်လာချိန်မှာတော့ ဂါဇာဒေသတဝန်း ဟားမာ့စ်အဖွဲ့ရဲ့ ပစ်မှတ်တွေကို မိမိတို့ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးက ပြောပြီး လူ ၄၄ ဦး သေဆုံးတယ်လို့ ဂါဇာဆေးရုံ သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
ဟားမာ့စ်အဖွဲ့က သူတို့အနေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအတွက် ကတိပြုထားတယ်လို့ ပြောထားပေမယ့် အစ္စရေးက ချိုးဖောက်တယ်လို့ စွပ်စွဲပြီး လက်ရှိ အခြေအနေက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လုံးဝ ပျက်ပြယ်သွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ဆိုတာပါ။

ဒေသစံတော်ချိန် ည ၉ နာရီထိုးပြီးနောက်ပိုင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စည်းကြပ်တာတွေ စတင် လုပ်ဆောင်နေပြီလို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
သဘောတူညီမှုကို စောင့်ထိန်းသွားမှာ ဖြစ်ပြီး သဘောတူညီမှု ချိုးဖောက်တဲ့ လုပ်ရပ် မှန်သမျှကို အသေအချာ တုံ့ပြန်သွားမယ်လို့ အစ္စရေး စစ်တပ်က ပြောထားပါတယ်။
ဒါပေမဲ့ ဂါဇာသို့ အကူအညီတွေ ဝင်ရောက်နေမှု ရပ်ဆိုင်းကြောင်း စောစောပိုင်းက ကြေညာချက်ကို ရုတ်သိမ်းပြီး အကူအညီတွေ ဝင်ရောက်ခွင့် ပေးသွားမှာလား ဆိုတာကိုတော့ အဲဒီ ကြေညာချက်မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ မတွေ့ရပါဘူး။
အမေရိကန် ကြားဝင် ညှိနှိုင်းပေးထားတဲ့ အပစ်ရပ် သဘောတူညီမှု ပထမ အဆင့် အောက်တိုဘာ ၁၀ ရက်က စတင် အသက်ဝင်ခဲ့ပြီး တိုက်ခိုက်မှုတွေ ချက်ချင်း အဆုံးသတ်သွားခဲ့သလို အစ္စရေး တပ်ဖွဲ့တွေလည်း ဂါဇာ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်း သတ်မှတ်နေရာများသို့ ပြန်ဆုတ်သွားခဲ့ပါတယ်။
ဂါဇာသို့ အကူအညီတွေ တိုးမြှင့် ဝင်ရောက်လာနိုင်ခဲ့ပြီး ဟားမာ့စ်အဖွဲ့က ဓားစာခံ အားလုံး ပြန်လွှတ်ပေးခဲ့သလို သေဆုံးသွားသူ ၂၈ ယောက်ထဲက ၁၂ ယောက်ရဲ့ အလောင်းတွေကိုလည်း ပြန်လွှဲပေးခဲ့ပါတယ်။
အစ္စရေးက သူတို့ရဲ့ အကျဉ်းထောင်တွေထဲက ပါလက်စတိုင်းသား ၂၅၀နဲ့ ဂါဇာက ဖမ်းဆီးထားသူ ၁၇၁၈ ယောက်နဲ့ ပါလက်စတိုင်းသား အလောင်း ၁၅ လောင်းကို ပြန်လွှဲပေးခဲ့တာပါ။
အခုအချိန်မှာတော့ အပစ်အခတ် ရပ်စဲမှု ဆက်လက် တည်မြဲရေး အမေရိကန် ဖိအားပေးဖို့ လိုအပ်လာနေပြီ ဖြစ်ပြီး ထရန့်ရဲ့ ထိပ်တန်း ကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဗ်နဲ့ ထရန့်ရဲ့ သမက်ဖြစ်သူ ဂျဲယား ကူချ်နာတို့ အစ္စရေးသို့ မကြာခင် ရောက်လာဖို့ ရှိနေပါတယ်။
အောက်တိုဘာ ၁၉ ရက် စောစောပိုင်းက ဂါဇာတောင်ပိုင်း ရာဖာမြို့ရှိ အကြမ်းဖက် အဆောက်အဦတွေကို ဖြိုဖျက်ဖို့ အစ္စရေး တပ်တွေ လုပ်ဆောင်နေချိန်မှာ အကြမ်းဖက်သမားတွေက တင့်ကားဖျက် ဒုံးကျည်၊ သေနတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
ဒီလို တိုက်ခိုက်ခံရတာကြောင့် အဲဒီ ဒေသမှာ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ပြီး အကြမ်းဖက်သမားတွေကို ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ အစ္စရေးက ပြောပေမယ့် အဲဒီ ဒေသမှာ တိုက်ပွဲ ဖြစ်ပွားတယ်လို့ မကြားမိကြောင်း ဟားမာ့စ်က ပြောဆိုထားပါတယ်။
Ref:BBC

