သထုံ၊ အောက်တိုဘာ ၄

မွန်ုပြည်နယ် သထုံမြို့နယ်မှာ အာဏာသိမ်းစစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံစောင့်လုပ်ဖို့ လိုက်လံစည်းရုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ တတိယအပတ်ကစလို့ မဲရုံလုံခြုံရေးအတွက် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတဆင့် သူတို့နဲ့နီးစပ်ရာသူတွေကို မဲရုံစောင့်လုပ်ဖို့ လိုက်လံစည်းရုံးနေတာတွေ ရှိနေတာပါ။

မဲရုံစောင့် လုပ်ဆောင်မယ်ဆိုပါက သင်တန်းတက်တဲ့ရက်၊ မဲရုံစောင့်ရမယ့်ရက်တွေအတွက် တစ်ရက် ကျပ် ၂၀၀၀၀ အပြင် ထောက်ပံ့ပစ္စည်းတွေလည်း ပေးအပ်ဆိုပြီး လိုက်လံစည်းရုံးနေတာပါ။

ဒါ့အပြင် မဲရုံစောင့်လုပ်မယ်ဆိုပါက လုံခြုံရေးအတွက်လည်း စိတ်မပူရဘဲ တပ်နဲ့ရဲတွေက အပြည့်အဝ ကာကွယ်ပေးမှာဆိုပြီး ပြောဆိုစည်းရုံးနေတယ်လို့ သိရပါတယ်။

စစ်ကော်မရှင် လက်အောက်ခံ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေက မဲရုံစောင့်လုပ်ဖို့ လူလိုက်ခေါ်နေပေမယ့် အများစုက ငြင်းပယ်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကော်မရှင်ဟာ မဲရုံလုံခြုံရေးအတွက် တပ်၊ ရဲ၊ ပျုစောထီး၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေအပါအဝင် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကိုလည်း အသုံးပြုသွားဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ ပထမအပိုင်းမှာ မွန်ပြည်နယ်ထဲက ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရောမြို့နယ်တို့မှာ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.