နေပြည်တော် ၊ အောက်တိုဘာ ၅
စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို ပျက်ပြားစေဖို့ နည်းအမျိုးမျိူးနဲ့ နှောင့်ယှက်ဟန့်တားတယ်ဆိုပြီး နိုင်ငံတဝန်းမှာ အရေးယူမှု ၂၄ မှုနဲ့ တရားခံ ၆၄ ရှိခဲ့ပြီလို့ စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။
အောက်တိုဘာ ၃ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောဆိုခဲ့တာပါ။
ဇူလိုင်နှောင်းပိုင်းမှာ ပြဌာန်းခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေအရ စက်တင်ဘာ ၃၀ ရက်အထိ အရေးယူမှု ၂၄ မှု ရှိခဲ့တာ ဖြစ်ပါတယ်။
ကရင်နီလူအခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားက ဒီလိုမျိုး အရေးယူတာဟာ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ရာရောက်သလို အခြေခံလူ့အခွင့်အရေးကိုပါ ထိခိုက်လာတယ်လို့ သုံးသပ်ပါတယ်။
“ဒါက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အခြေခံနိုင်ငံရေးအခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို နိုင်ငံရေးအရပဲဖြစ်စေ ဘာသာရေးအရဖြစ်စေ လူတစ်ဦးချင်းစီကနေ ကိုယ့်ရဲ့ ထင်မြင်ချက်ကို ပိတ်ပင်ရာရောက်တယ်။အထူးသဖြင့် နိုင်ငံရေးဆိုင်ရာ ပါဝင်ခွင့်ကို ဖျက်ဆီးရာရောက်တယ်၊ ချိုး ဖျက်ရာရောက်တယ်။ နောက်လူတစ်ယောက်ချင်းစီရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ နိုင်ငံရေး ယုံ ကြည်ချက်တွေ သတင်းအချက်အလက်ရယူမှုတွေ ဖြန့်ဝေမှုတွေ စုဖွဲ့ပြီးတော့မှ မတရားမှုကို ဆန့် ကျင်ဖို့၊ မတရားတဲ့ဟာကို မတရားဘူးလို့ ပြောဆိုနိုင်ဖို့အတွက် အစုအဖွဲ့အင်အားစုကိုလည်း အခြေ ခံလူ့အခွင့်အရေးပါ ထိခိုက်လာတယ်”လို့ ဆိုပါတယ်။
အမှုဖြစ်စဉ်တွေကိုတော့ အစည်းအဝေးမှာ ပြောဆိုခဲ့ခြင်းမရှိပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာမှာ ရွေးကောက်ပွဲပျက်ပြားအောင် ဟောပြော လှုံ့ဆော် နှောင့်ယှက်ဟန့်တားတယ်ဆိုပြီး KNU အပါအဝင် ချင်းပြည်ကောင်စီက အဖွဲ့ဝင် ၂၈ ဦးနဲ့ AA အဖွဲ့ကို အမှုဖွင့်ထားတာပါ။
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကတေ့ ရွေးကောက်ပွဲလုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်မှုတွေ ဝါဒဖြန့်မှုတွေ ကျူးလွန်နေသူတွေကို စုံစမ်းဖော်ထုတ်အရေးယူဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အရေးယူခံရသူတွေကို ပုဒ်မ ၂၃ (က) အရ ဘယ်သူမဆို တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ရင် ထောင်ဒဏ် အနည်းဆုံး သုံးနှစ်ကနေ အများဆုံးခုနှစ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
အဲဒီဥပဒေပါ ပုဒ် ၁၆ အရ ဘယ်သူမဆို ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်ကို ဖြစ်စေ ဒါမှမဟုတ် လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ပျက်ပြားစေဖို့ ဟောပြောတာ၊ ပြောဆိုတာ ၊ စည်းရုံးတာ၊ လှုံ့ဆော်တာ၊ ဆန္ဒပြတာ ဒါမှမဟုတ် စာရေးသားဖြန့်ချီတာတွေကို ဘယ်နည်းနဲ့မှ မပြုရဘူးလို့ တားမြစ်ထားတာပါ။
စစ်ကော်မရှင်အနေနဲ့ သူတို့ ကျင်းပမယ့် ရွေးကောက်ပွဲကို ပျက်ပြားစေဖို့ ရည်ရွယ်တဲ့ တားမြစ်ချက်တွေကို အကြောင်းပြကာ ဖောက်ဖျက်ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ပြီး ဖမ်းဆီးအရေးယူတာတွေ တောက်လျှောက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
မဲပေးတဲ့ကိစ္စနဲ့ Facebook ဆိုရှယ်မီဒီယာပေါ် ဝေဖန်ရေးသားခဲ့သူ အမျိုးသားတစ်ဦးကို ပထမဦးဆုံးအနေနဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (က) အရ အလုပ်နဲ့ထောင်ဒဏ် ၇ နှစ် တိတိ ကျခံစေဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့တာပါ။
လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ အဲဒီဥပဒေဟာ ရွေးကောက်ပွဲကို မြေပြင်မှာဖြစ်စေ အွန်လိုင်းမှာ ဖြစ်စေ မကောင်းကြောင်း ပြောဆိုရေးသားရုံနဲ့ အရေးယူမယ့်သဘောဖြစ်နေသလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုလည်း ဆန့်ကျင်ရာရောက်တယ်လို့ ထောက်ပြကြပါတယ်။
တစ်ဘက်မှာလည်း စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေက စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ဖို့ ပြုလုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲဆိုပြီး သတ်မှတ်ထားကြတာပါ။
ဒါကြောင့် ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး စာရွက်တွေကို မြို့ပေါ်လူမြင်ကွင်းတွေမှာ ကြဲချတာအပါအဝင် အွန်လိုင်းဆိုရှယ်မီဒီယာတွေကနေတဆင့် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြဆိုတဲ့ တိုက်တွန်းလှုံ့ဆော်မှုတွေလည်း ရှိနေပြန်ပါတယ်။
ဒီလိုမျိုး လှုပ်ရှားမှုတွေ ရှိနေတဲ့အပေါ်မှာ စစ်ကော်မရှင်ဘက်ကလည်း စုံစမ်းဖော်ထုတ်ပြီး ဆက် တိုက် ဖမ်ဆီးအရေးယူတာတွေ များပြားလာတဲ့အတွက် ရွေးကောက်ပွဲမဖြစ်မြောက်ဖို့ တွန်းအားပေးတဲ့နေရာမှာ သက်ရောက်မှု ဆိုးကျိုးရှိတယ်လို့ ဦးဗညားက ထောက်ပြပါတယ်။
“ပြည်သူ့တော်လှန်ရေးကနေ လှုပ်ရှားနေတဲ့ ရွေးကောက်ပွဲမဖြစ်မြောက်ရေးကိုတော့ ထိခိုက်မှုရှိလားဆိုရင် လွယ်လွယ်ကြည့်ရင်တော့ ထိခိုက်မှုရှိနိုင်တယ်လို့ ပြောနိုင်ပါတယ်။ အခု ပြဌာန်းလိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေရော အခု သူတို့လုပ်ရပ်တွေရော အထူးသဖြင့် မြို့ပြမှာရှိနေတဲ့ လူငယ်တွေကနေပြောပြော လူထုတစ်ရပ်လုံးကနေ ပြောပြော ဒီဟာကို မပြောရဲ မဆိုရဲ ရေငုံနှုတ်ပိတ်ဆိုတဲ့ ပုံစံမျိုးကတော့ ရွေးကောက်ပွဲမဖြစ်မြောက်ဖို့ တွန်းအားပေးတဲ့နေရာမှာ လှုပ်ရှားမှုကိုတော့ အများကြီးတော့ ဆိုးကျိုးသက်ရောက်မှုရှိတယ်”လို့ ဆိုပါတယ်။
ပြည်ထဲရေးဝန်ကြီးကတော့ ရွေးကောက်ပွဲဆိုင်ရာကာလတွေအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ နယ်မြေတည်ငြိမ်ရေး၊ မှုခင်းကျဆင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေကို ပြည်ထဲရေးဝန်ကြီး ဌာန ကွပ်ကွဲမှုအောက်ရှိ တပ်ဖွဲ့ဦးစီးဌာနတွေအနေနဲ့ ပေါင်းလုပ်ဖို့ ညွန်ကြားထားတာပါ။
ဒါ့အပြင် ရွေးကောက်ပွဲမှာ ပါဝင်မယ့် နိုင်ငံရေးပါတီဝင်တွေ ကိုယ်စားလှယ်လောင်းတွရဲ့ မဲဆွယ်စည်းရုံးတဲ့ ကာလကနေ မဲပေးတဲ့ ကာလထိ လုံခြုံစွာ လုပ်ကိုင်နိုင်ဖို့နဲ့ ရွေးကောက်ပွဲကာလ ပြည် တွင်း၊ပြည်ပ လေ့လာရေးအဖွဲ့တွေရဲ့ လုံခြုံရေးတွေကိုလည်း စီမံပေးသွားဖို့ လိုအပ်တယ်လို့ ပြောဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI