မော်စကို၊ အောက်တိုဘာ ၄

ရုရှားမှာ ဆီးရီးယားသမ္မတဟောင်း ဘာရှား အယ်လ် အာဆတ် အဆိပ်ခတ်ခံရပြီး ဆေးရုံတင်ပို့ခဲ့ရပြီးတဲ့နောက် ဆေးရုံကနေ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပုဂ္ဂလိက သတင်းရင်းမြစ်ကို ကိုးကားပြီး အောက်တိုဘာ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သမ္မတဟောင်း အာဆတ်ဟာ ရုရှားမြို့တော်ရဲ့ ဆင်ခြေဖုံးဒေသရှိ ဆေးရုံ တစ်ခုကနေ အောက်တိုဘာ ၁ ရက်က ပြန်ဆင်းလာခဲ့ပြီး အခုအချိန်မှာ သူ့ရဲ့ ကျန်းမာရေး အခြေအနေ တည်ငြိမ်နေပြီလို့ အဲဒီ အဖွဲ့အစည်းရဲ့ လူမှုမီဒီယာ စာမျက်နှာမှာ ဖော်ပြလာတာပါ။

တချိန်တည်းမှာပဲ ဆီးရီးယားခေါင်းဆောင်ဟောင်းနဲ့ သမ္မတရေးရာ အတွင်းရေးမှူးချုပ် မာဆော အာဇမ် တစ်ယောက်ကိုပဲ တွေ့ဆုံခွင့်ပြုထားတယ်လို့ သိရပါတယ်။

သူ့ရဲ့ အရင်းနှီးဆုံး ဆွေမျိုးဖြစ်တဲ့ ညီဖြစ်သူ မဟာ အယ် အာဆတ်ကိုတောင် ဆီးရီးယားသမ္မတဟောင်းနဲ့ တွေ့ဆုံခွင့် မပေးထားဘူးလို့ သိရပါတယ်။

အဲဒီ နိုင်ငံရေးသမားကို အဆိပ်ခတ်သတ်ဖို့ ကြိုးပမ်းတာဟာ ရုရှား အာဏာပိုင်တွေကို အများက အပြစ်တင်လာအောင် ကြိုးပမ်းမှု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဆီးရီးယားမှာ ပြီးခဲ့တဲ့နှစ်က တော်လှန်ရေးတပ်တွေရဲ့ လျပ်တပြက် ထိုးစစ်ဆင် သိမ်းပိုက်မှုတွေကြောင့် အာဆတ်ဟာ မော်စကိုသို့ ထွက်ပြေးခဲ့ရပါတယ်။

သူ့ကို မော်စကိုမှာ ရုရှားက လုံခြုံရေး ပေးထားပေမယ့် ပူတင်ရဲ့ စောင့်ရှောက်မှုအောက်မှာ အဆိပ်ခတ်ခံရတာဆိုပြီး နိုင်ငံတကာသတင်းတွေက ဖော်ပြနေကြပါတယ်။

အာဆတ်ဟာ မော်စကိုမြို့ အနောက်ဖက်ရှိ မိုးမျှော်တိုက်တစ်ခုမှာ ဇိမ်ခံ အခန်းတစ်ခန်း ပိုင်ဆိုင်ထားပြီး သူ့ရဲ့ ညီအစ်ကို ဝမ်းကွဲတွေ အပါအဝင် ဆွေမျိုးတွေလည်း ရုရှားမှာ ပေါင်သန်း ၃၀ ကျော်တန် ဇိမ်ခံ အဆောက်အဦတွေ ဝယ်ထားတယ်လို့ သိရပါတယ်။

အသက် ၆၀ ရှိပြီ ဖြစ်တဲ့ အာဏာရှင်ဟောင်း အာဆတ် မိသားစုဟာ စတာလင်ပေါင် ၁ ဒသမ ၅ ဘီလီယံကျော် ချမ်းသာတယ်လို့လည်း သိရပါတယ်။

Ref: Izvestia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.