မော်လမြိုင်၊ အောက်တိုဘာ ၄

မွန်ပြည်နယ်တဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ လေးနှစ်ခွဲကျော်ကာလအတွင်း အရပ်သား ၃၂၀ ကျော် သတ်ဖြတ်ခံထားရတယ်လို့ အောက်တိုဘာ ၃ ရက်နေ့ထုတ် လဂွန်းအိမ်စာစဉ်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

သတ်ဖြတ်ခံရသူတွေထဲမှာ စစ်ကော်မရှင် သတင်းပေးဒလန်တွေနဲ့အုပ်ချုပ်ရေးအဖွဲ့တွေအပြင် ဒေသခံ အရပ်သားပြည်သူတွေလည်း ပါဝင်ပြီး လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံထားရမှုတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှုထမ်းအပါအဝင် ဖမ်းဆီးတာခံရသူ ၂၁၅၀ ဦးထိရှိပြီး လက်နက်ကြီး၊ မြေမြှုပ်မိုင်း၊ ဒရုန်းဗုံးနဲ့ တိုက်ပွဲအတွင်း ထိခိုက်သူ ၅၆၀ နီးပါးရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်အတွင်း သတ်ဖြတ်ခံထားရသူ ၈ ဦးရှိပြီး လက်သည်မပေါ်တဲ့ သတ်ဖြတ်ခံရမှုကြောင့် အရပ်သားသေဆုံးမှုတွေ ပိုများတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အာဏာသိမ်းကာလအတွင်း ဒေသခံပြည်သူတွေ သွားလာခွင့်ပိတ်ခံရတာ၊ အိုးအိမ်တွေ ပျက်စီးတာ၊ ခြိမ်းခြောက်ငွေညှစ်ခံရတာ၊ စစ်မှုထမ်းဖမ်းဆီးခံရတာတွေစတဲ့ အခွင့်အရေးချိူးဖောက်ခံရမှုတွေလည်း အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ သူတို့ အာဏာတည်မြဲရေးအတွက် ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လျက်ရှိတယ်လို့ လဂွန်းအိမ်စာစဉ်က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.