မော်လမြိုင် ၊ အောက်တိုဘာ ၅

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲနီးလာပေမယ့် လူငယ်တွေကို အလစ်ငိုက် အတင်းအဓမ္မဖမ်းဆီးပြီး စစ်သားစုဆောင်းမှုတွေ ပိုလုပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ ဒေသတွင်းမှာ တစ်ယောက်တည်း အလုပ်သွားအလုပ်ပြန် လုပ်တဲ့လူငယ်တွေ၊ တစ်ယောက်တည်း ဝမ်းရေးအတွက် ရှာဖွေနေရတဲ့ လူငယ်တွေအပြင် ညဘက် တစ်ယောက်တည်း အပြင်ထွက်တဲ့ လူငယ်တွေကို ပစ်မှတ်ထား လာတာပါ။

ပစ်မှတ်ထားခံရတဲ့ လူငယ်တွေကိုတော့ စစ်ကော်မရှင်တပ်က လူအလစ်မှာ ဖမ်းဆီးခေါ်ဆောင်သွားတာ၊ စစ်ဆေးစရာ ရှိတဲ့ အတွက်ဆိုပြီး သက်ဆိုင်ရာ နယ်မြေတပ်တွေကို ဖမ်းဆီးသွားတာအပြင် အကြောင်းအမျိုးမျိုးပြပြီး ဆက်တိုက်ဖမ်းဆီးနေပါတယ်။

မုဒုံမြို့နယ်နေ လူငယ်တစ်ဦးကတော့ စစ်ကော်မရှင်ဟာ တစ်ယောက်တည်း စားဝတ်နေရေးအတွက် ရှာဖွေနေရတဲ့ လူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးတာတွေ လုပ်ဆောင်နေတဲ့အပြင် လမ်းမှာတွေ့ရင် တွေ့သလို ဖမ်းဆီးတာတွေကအစ ပိုမို ပြုလုပ်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဖမ်းအဆီးကတော့ ဟိုနေ့တုန်းက ငါးရှာတဲ့ကောင်လေး တစ်ယောက်ကို ဖမ်းသွားတယ်။ပထမက ရေနစ်တယ်ဆိုပြီးတော့ လိုက်ရှာလိုက်တာ ၃ ရက်လောက် ရှိတယ်။ ပွဲတွေဘာတွေပေး ဘာညာရှာပေါ့။ နှစ်ရက်သုံးရက် ကြာတော့မှ စစ်တပ်က ဖမ်းဆီးသွားတဲ့အကြောင်း အကြောင်း ပြန်လာပေးတယ်။ စစ်မှုထမ်းဖမ်းတာပေါ့”လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်အများစုကိုတော့ စစ်ကော်မရှင်တပ်က တိုက်ရိုက်ဖမ်းဆီးနေတာဖြစ်ပြီး စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေတောင် မသိရသလို ဖမ်းဆီးခံရပြီး စစ်မှုထမ်းအတွက် စစ်သားစုဆောင်းခံရသူတွေကိုလည်း မိသားစုဝင်တွေနဲ့ ပေးမတွေ့ဘူးလို့ သူက ဆက်ပြောပါတယ်။

ရေးမြို့နယ်နေ လူငယ်တစ်ဦးကလည်း ပြည်တွင်းစစ် ဖြစ်နေတဲ့ကာလမှာ စစ်မှုထမ်းအပေါ် ဘယ်သူမှ စိတ်မဝင်စားသလို အခုလို လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေတဲ့အတွက် စိုးရိမ်ပူပန်မှု မြင့်တက်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီလိုမျိုး ပြည်တွင်းစစ်ကာလကြီးမှာ စစ်မှုထမ်းဖို့ကိစ္စကတော့ ဘယ်သူမှ စိတ်မဝင်စားနေဘူး။ လုပ်လည်း မလုပ်ချင်ဘူး။ ဒီကိစ္စကတော့ တော်တော်လေးတော့ ပြဿနာကြီးတယ်။ အရင်လို မလုံခြုံဘူး။ ခရီးသွားရင်လည်း မသွားရဲဘူးပေါ့။ ဘုရားဖူးထွက်ရင်လည်း မထွက်ရဲဘူး။ ရန်ကုန်မြို့လိုမျိုး မြို့ကြီး ကိုယ့်မြို့မဟုတ်တဲ့ တခြားမြို့မှာ အလုပ်သွားလုပ်မယ်ဆိုရင်တော့လည်း မလုပ်ရဲကြဘူး။ စိုးရိမ်စိတ်က တော်တော်လေးကို စိတ်အနှောင့်အယှက် ဖြစ်တယ်လို့ မြင်တယ်ပေါ့နော်”လို့ ဆိုပါတယ်။

ဒေသတွင်းမှာတော့ စစ်ကော်မရှင်တပ်တွေရဲ့ အနီးအနားမှာ နေထိုင်တဲ့ လူငယ်တွေဟာ တော်ယုံအပြင်မထွက်ရဲ ကြတော့ဘဲ လွတ်လပ်မှုတွေ ဆုံးရှုံးလာသလို လူငယ်အများစုဟာလည်း တဖက်နိုင်ငံတွေကို နည်းအမျိုးမျိုးနဲ့ ထွက်ခွာမှုတွေ မြင့်တက်လာတယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာ စစ်ကော်မရှင် လက်အောက်ခံ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ အရင်လို စစ်မှု ထမ်းအတွက် လူစားထိုး အငှားခေါ်ယူလို့ မရတဲ့ ပြဿနာကို ရင်ဆိုင်ရပြီးနောက် ဒေသတွင်းက လူငယ်တွေကို အကြောင်း အမျိုးမျိုးပြ ဖမ်းဆီတာ၊ ဆင့်ခေါ်စာပေးပို့တာတွေအပြင် မဲနှိုက်တာတွေကအစ လုပ်ဆောင်နေတာပါ။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၇ အထိ ဒေသတွင်းမှာ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ် စုစုပေါင်း ၃၀၀၀ နီးပါး စစ်သားစုဆောင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.