မော်လမြိုင် ၊ အောက်တိုဘာ ၄

မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ် ပြိုင်ကြမယ့် နိုင်ငံရေး ပါတီတချို့ဟာ လက်ဆောင်ပေးပြီး ပါတီစည်းရုံးရေးတွေ ပြုလုပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတချို့ ဟာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ စစ်ကော်မရှင် အပြည့်အဝ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အဓိကစည်းရုံးမှုတွေ ပြုလုပ်လာတာပါ။

ပါတီစည်းရုံးရေးမှာ ရွေးကောက်ပွဲအတွင်း သူတို့ပါတီတံဆိပ်တွေကိုသာ မဲပေးကြဖို့နဲ့ ပါတီအနိုင်ရပါက ဒေသတွင်းတိုးတက်အောင် လုပ်ပေးမယ်ဆိုပြီး မက်လုံးပေးကာ စည်းရုံးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒေသခံ တစ်ဦးကတော့ နိုင်ငံရေးပါတီတချို့ဟာ ရပ်ကွက်တွေအတွင်း ပါတီစည်းရုံးဟောပြောပွဲတွေမှာ ဆပ်ပြာမှုန့်အပါအဝင် လက်ဆောင်တချို့ပေးပြီး စည်းရုံးမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

“အဓိကကတော့ ပြည်ခိုင်ဖြိုး၊ ကိုကိုကြီးပါတီနဲ့ PPP ပါတီတွေက ရပ်ကွက်ထဲမှာ ဟောပြောပွဲတွေ လုပ်တာပေါ့။ အိမ်တွေအိမ်တွေမှာ သူတို့နဲ့ ပတ်သက်တဲ့ အိမ်တွေမှာ လူစုပြီးတော့ သူတို့ ဟောပြော ပွဲ တက်တဲ့ သူတွေကို ဆပ်ပြာမှုန့်တို့ ဘာတို့လက်ဆောင် ပေးပြီးတော့ပေါ့။ သူတို့ပဲ လှုပ်ရှားနေတာပေါ့၊ ကျန်တဲ့ပါတီတွေကတော့ ဘာမှ မလှုပ်ရှားဘူး”လို့ ဆိုပါတယ်။

အခုလို ပါတီတချို့ရဲ့ စည်းရုံးပွဲတွေကိုတော့ သူတို့ပါတီဝင်တွေနဲ့ လက်ဆောင်ပေး စည်းရုံးခံရသူတွေကသာ အဓိက တက်ရောက်ကြတာ ဖြစ်ပြီး ဒေသခံအများစုကတော့ စားဝတ်နေရေး အကျပ်တည်းတွေကြား စိတ်ဝင်စားမှုမရှိတဲ့အတွက် တက်ရောက်မှုကို သိပ်မတွေ့ရဘူးလို့ သူက ဆက်ပြောပါတယ်။

တဖက်မှာတော့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ့် နိုင်ငံရေး ပါတီတွေဟာ လက်ရှိ ပါတီ စည်းရုံးရေးတွေအပြင် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်ထားပြီး မကြာမီ ကာလအတွင်း ကိုယ်စားလှယ်လောင်း မဲဆွယ်မှုတွေ ပြုလုပ်ဖို့ ပြင်ဆင်နေကြတာပါ။

စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ မွန်ပြည်နယ်အတွင်းက မြို့နယ် ၁၀ ခုလုံးကို မဲဆန္ဒနယ်မြေ အဖြစ် သတ်မှတ်ထားပြီး လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရော မြို့နယ်တို့မှာ ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ ပြည်သူ့ရှေ့ဆောင် ပါတီ၊ ပြည်သူ့ ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူပါတီ)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ မြန်မာနိုင်ငံ တောင် သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ မွန်ညီညွတ်ရေးပါတီနဲ့ ပအိုဝ်း အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီတို့က ဝင်‌ရောက် ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PPP Party

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.