ဘီးလင်း၊ အောက်တိုဘာ ၅

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းမှာ စစ်ကော်မရှင်တပ်က အင်အားအများအပြား တိုးချထားပြီး အစစ်ဆေးမခံပါက ပစ်မိန့်ထုတ်ထားတယ်လို့ စစ်ကော်မရှင်နဲ့နီးစပ်သူ တွေထံက သိရပါတယ်။

အောက်တိုဘာ ၄ ရက်နေ့ မနက် ၇ နာရီလောက်ကစလို့ အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ ဝင်တွေဟာ အလူးလေးကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတလျှောက် နေရာယူဖြန့်ကျက်ထားတာပါ။

စစ်ကော်မရှင်နဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ အစစ်ဆေးမခံတာနဲ့ သေနတ်အသံ ကြားပါက ပစ်ခတ်ဖို့လည်း ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်ရဲ့အင်အားတိုးမြှင့်မှုဟာ လာမယ့်ရက်ပိုင်းအတွင်း အလူးလေးကျေးရွာနဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းထိုး ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

စစ်ကော်မရှင်တပ်ဘက်က ကားလမ်းတလျှောက်မှာ လုံခြုံရေးအင်အား အများအပြား ရောက်ရှိနေတာကြောင့် ဒေသခံတွေက တိုက်ပွဲဖြစ်မှာစိုးရိမ်နေကြပြီး ထွက်ပြေးဖို့လည်း ပြင်ဆင်ထားကြတယ်လို့ ဆိုကြပါတယ်။

အလူးလေးကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ မကြာခဏ တိုက်ခိုက်ခံနေရပြီး ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ကလည်း အလူးလေးကျေးရွာ အထပ်သားစက်ရုံအနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကော်မရှင်တပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် သုံးဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.