မော်လမြိုင်၊ အောက်တိုဘာ ၄
နိုင်ငံတဝန်းမှာ စက်တင်ဘာလ တစ်လအတွင်း စစ်ကော်မရှင်ရဲ့ ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၆၈ ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာပြီး အလင်းဝင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ နိုင်ငံတဝန်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနဲ့ ပြည်သူ့ရင်ခွင်အဖွဲ့တွေကို ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တာပါ။
ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေမှာ အတင်းအဓမ္မလူသစ်စုဆောင်းခံရသူ ၅၇ ဦး၊ ရဲတစ်ဦး၊ ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနဲ့ တပ်သား ၈ ဦးတို့ ဖြစ်တယ်လို့ NUG ကဆိုပါတယ်။
အဲဒီထဲမှာ လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာသူ ၁၈ ဦးရှိပြီး MA1 သေနတ် ၁၁ လက်၊ MA3 သေနတ် ၄ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ နင်းမိုင်း ၂ လုံးနဲ့ ကျည်မျိုးစုံ ၅၉၀ တောင့်ကျော် ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ စစ်မှုထမ်းအမိန့်ကြေညာချက်နဲ့ အတင်းအဓမ္မလူသစ်စုဆောင်းခံရသူတွေ အပါအဝင် ပြည်သူ့ဘက် ရပ်တည်လိုတဲ့ တပ်သားနဲ့ ရဲတွေအနေနဲ့ ပြည်သူ့ရင်ခွင် တယ်လီဂရမ် @Myanmar People နဲ့ နီးစပ်ရာ PDF တပ်ဖွဲ့အပြင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ခုနစ်လအတွင်းကလည်း နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်ရဲ့ ရဲနဲ့ ပြည်သူ့စစ်အပါအဝင် စစ်ကော်မရှင်တပ်သား ၄၀၉ ဦး ပြည်သူရင်ခွင်ခိုလှုံလာပြီး အလင်းဝင်လာခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF