ဖာပွန်၊ အောက်တိုဘာ ၅

အာဏာသိမ်း စစ်ကော်မရှင်တပ်ဟာ ကရင်နယ်ခြားစောင့်တပ် BGF ၊ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA အဖွဲ့တို့နဲ့ ပူးပေါင်းပြီး ကမမောင်း-ကတိုင်တိလမ်းပိုင်းမှာ စစ်ကြောင်းထိုး တိုက်ခိုက်နေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း သိမ်းပိုက်ခံထားရတဲ့ တပ်စခန်းတွေ ပြန်သိမ်းပိုက်နိုင်ရေးနဲ့ ဖာပွန်ဗျူဟာဆီ စစ်ကူပို့ဆောင်နိုင်ရေးအတွက် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာနေပြီး ဒီလိုစစ်ကြောင်းထိုးရာမှာ BGFနဲ့ ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA အဖွဲ့တို့က ပူးပေါင်းပါဝင်တိုက် ခိုက်ပေးနေတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလပိုင်းက စစ်ကော်မရှင်တပ်၊ BGF၊ ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA ပူးပေါင်းအဖွဲ့တို့က ကမမောင်း-ကတိုင်တိလမ်းအတိုင်း စစ်ကြောင်းထိုးလာခဲ့ရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ပူးပေါင်းအဖွဲ့တို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်။

စစ်ကော်မရှင်တပ်တို့ ပူးပေါင်းစစ်ကြောင်းတွေဟာ အခုလက်ရှိမှာ ကမောင်းမြို့အထက်ဘက်နား ဝါးဒူးကျေးရွာ အထိုင်ချတပ်စွဲထားတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ဆိုပါတယ်။

ဒီရက်ပိုင်းအတွင်း ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ နှစ်ဖက်တိုက်ပွဲတွေ ကြီးကြီးကျယ်ကျယ်ဖြစ်ပွားတာ မရှိသေးပေမယ့် စစ်ကော်မရှင်တပ်စခန်းတချို့က စခန်းပြင်ပဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိနေပါတယ်။

KNU တပ်မဟာ ၅ က သိမ်းပိုက်ထားခဲ့တဲ့ ကတိုင်တိစခန်းကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ ဇွန်လအတွင်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမယ့် ကတိုင်တိ-ကမမောင်းလမ်းပိုင်းကို အပြည့်အဝပြန်လည်မထိန်းချုပ်နိုင်သေးတဲ့အတွက် အခုလိုတပ်အင်အားတွေ ထပ်မံဖြည့်ဆည်းနေပြီး စစ်ကြောင်းထိုးတိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။

BGFနဲ့ ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA အဖွဲ့တို့ဟာ လက်ရှိဖြစ်ပွားနေဆဲဖြစ်တဲ့ လေးကေကော်တိုက်ပွဲနဲ့ အာရှလမ်း၊ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်း တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်ဘက်ကနေ ပါဝင်ကူညီတိုက်ခိုက်ပေးနေပြီး နှစ်ဖွဲ့စလုံးဟာ စစ်ကော်မရှင်က ကျင်းပမယ့်ရွေးကောက်ပွဲကို ထောက်ခံတဲ့ အဖွဲ့တွေလည်းဖြစ်ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.