အစ္စတန်ဘူးလ် အောက်တိုဘာ ၄
ဟားမာ့စ်အဖွဲ့က လက်ကျန် အစ္စရေးဓားစာခံ အားလုံး ပြန်လွှတ်ပေးဖို့ သဘောတူထားတာကြောင့် ဂါဇာ ကမ်းမြောင်ဒေသမှာ ဗုံးကြဲ တိုက်ခိုက်နေတာတွေ အဆုံးသတ်ဖို့ အစ္စရေးကို အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။
ဟားမာ့စ်က ဓားစာခံတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ သဘောတူထားပေမယ့် ဂါဇာနဲ့ ပတ်သက်တဲ့ အမေရိကန်ရဲ့ ငြိမ်းချမ်းရေး အဆိုပြုမှုပါ သတ်မှတ်ချက် အတော်များများနဲ့ ပတ်သက်လို့ နောက်ထပ် ညှိနှိုင်းဖို့ တောင်းဆိုထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ အစီအစဉ် ပထမအဆင့်ကို ချက်ချင်း အကောင်အထည်ဖော်ဖို့ ကြိုတင် ပြင်ဆင်နေပြီလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက ပြောပါတယ်။
ငြိမ်းချမ်းရေး အစီအစဉ်ကို အောက်တိုဘာ ၅ ရက် နောက်ဆုံးထားပြီး သဘောမတူရင် ငရဲကျသလို ခံစားရလိမ့်မယ်လို့ ထရန့်က သတိပေးလိုက်ပြီးနောက် နာရီပိုင်းအကြာမှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဟားမာ့စ်အနေနဲ့ ရေရှည် တည်တံ့မယ့် ငြိမ်းချမ်းရေးအတွက် အသင့်ရှိနေပြီလို့ မိမိအနေနဲ့ ယုံကြည်ကြောင်း၊ အစ္စရေးအနေနဲ့ ဂါဇာကို ဗုံးကြဲ တိုက်ခိုက်နေတာတွေ အဆုံးသတ်သင့်ပြီ ဖြစ်ကြောင်း ထရန့်က လူမှုမီဒီယာမှာ ရေးပါတယ်။
ဟားမာ့စ်အဖွဲ့အနေနဲ့ လက်နက် ဖြုတ်သိမ်းရမှာဖြစ်ပြီး အနာဂတ် ဂါဇာ အုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်ခွင့် မရှိတော့ဘူးလို့ သတ်မှတ်ထားတဲ့ ထရန့်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်နဲ့ ပတ်သက်လို့ ဟားမာ့စ်က တောင်းဆိုမှုတွေ ပြုလုပ်ထားတာ မတွေ့ရသေးပါဘူး။

ဒီအတောအတွင်း ပါကစ္စတန်က ထရန့်ရဲ့ဂါဇာ ငြိမ်းချမ်းရေး အစီအစဉ်ဟာ မွတ်စလင်နိုင်ငံ အများစုရဲ့ အဆိုပြုချက်တွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ပြောဆိုထားပါတယ်။
ဟားမာ့စ်အဖွဲ့က အဆိုပြုချက်ကို လက်ခံတာဟာ ရှေ့ဆက်ဖို့ အတွက် အရေးပါတဲ့ ခြေလှမ်း ဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောကြားပြီး ကြိုဆိုထား ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သက်ဆိုင်ရာ အဖွဲ့အားလုံးအနေနဲ့ လက်ရှိ အခွင့်အရေးကို အမိအရ အသုံးချပြီး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းကြဖို့ တိုက်တွန်းထားပါတယ်။
ဟားမာ့စ်အဖွဲ့ရဲ့ သဘောတူညီမှုကို တူရကီသမ္မတ အာဒိုဂန်ကလည်း ကြိုဆိုပြီး ရေရှည် ငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ ခြေလှမ်း ဖြစ်တယ်လို့ ပြောပါတယ်။
ဂျာမနီ အဓိပတိ ဖရက်ဒရစ် မာ့ဇ်က ဓားစာခံများ လွတ်မြောက်ရေးနဲ့ ဂါဇာ ငြိမ်းချမ်းရေး လက်တစ်ကမ်းပဲ လိုတော့တယ်လို့ ပြောထားပါတယ်။
ပြင်သစ်သမ္မတ မက်ကရွမ်ကလည်း ဟားမာ့စ်ရဲ့ သဘောတူညီမှုကို ကြိုဆိုပြီး သူတို့ရဲ့ ကတိပြုမှုကို နှောင့်နှေးမှု မရှိဘဲ အကောင်အထည်ဖော်သင့်တယ်လို့ ဆိုတာပါ။
လူသားချင်း စာနာထောက်ထားရေး အခြေအနေ ဆိုးရွားလွန်နေတဲ့ ဂါဇာရှိ ဒေသခံတွေကတော့ အခုလို သဘောတူညီမှု ရရှိတယ်ဆိုတဲ့ သတင်းကို မယုံကြည်နိုင် ဖြစ်နေကြပါတယ်။
Ref:BBC