တီဟီရန်၊ အောက်တိုဘာ ၃
မြို့တော် တီဟီရန်ကို တိုးချဲ့မှု များလွန်းတာကြောင့် လုံလောက်တဲ့ ရေထောက်ပံ့ပေးမှုတွေ မရှိဘဲ မြေကြီး ကျွံဝင်နိုင်တဲ့ အန္တရာယ်ပိုများလာတဲ့ အတွက် နိုင်ငံတောင်ပိုင်းသို့ ရွှေ့ပြောင်းရုံကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူးလို့ အီရန် သမ္မတက ပြောလိုက်ပါတယ်။
နိုင်ငံ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကို အဲဒီလို ဆောင်ရွက်ဖို့ ပြီးခဲ့တဲ့နှစ်မှာကတည်းက အဆိုပြုခဲ့တယ်လို့ သမ္မတ မာဆောက် ပီဇက်ခီယန်က အောက်တိုဘာ ၂ ရက်က ပြောတာပါ။

အခုလို ပြောဆိုမှုအတွက် သူ့အနေနဲ့ ဝေဖန်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ရတယ်လို့ သမ္မတ ပီဇက်ခီယန်က ပြောပေမယ့် အရင်းအမြစ် ပြဿနာဟာ ဆိုးရွားလွန်းတာကြောင့် မြို့တော် တီဟီရန်ကို နေရာ ပြောင်းရွှေ့ဖို့ အစိုးရက တာဝန်ယူဆောင်ရွက်ရုံကလွဲပြီး တခြား ရွေးချယ်စရာ မရှိဘူးလို့ ဆိုပါတယ်။
ဒူဘိုင်းနဲ့ မျက်နှာချင်းဆိုင် ပါရှားပင်လယ်ကွေ့ပေါ်ရှိ ဟောမု့ဇ်ဂန်ပြည်နယ် ခရီးစဉ်အတွင်းမှာ အီရန်သမ္မတက အခုလို ပြောဆိုခဲ့တာပါ။
တီဟီရန်မြို့မှာ လူဦးရေ ၁၀ သန်းကျော်အထိ တိုးပွားလာခဲ့ပြီး အီရန် ရေပိုက်လိုင်းတွေက ပေးပို့နေတဲ့ ရေပမာဏရဲ့ လေးပုံတစ်ပုံကျော်ကို သုံးစွဲနေတာ ဖြစ်ပါတယ်။

ဟာဆန် ရိုဟာနီ အပါအဝင် အရင်က သမ္မတတွေလည်း မြို့တော်ကို နေရာ ပြောင်းရွှေ့ဖို့ အဆိုပြုခဲ့ကြဖူးပါတယ်။
တီဟီရန်မြို့မှာ ပျမ်းမျှမိုးရေချိန်ထက် ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းလောက် လျှော့ပြီး မိုးရေချိန် ရရှိနေတာကြောင့် ရေပြဿနာ ပိုဆိုးလာနေတယ်လို့ သမ္မတက ပြောပါတယ်။
ရေကာတာတွေမှာ ရေတွေ လျော့နည်းလာနေပြီး ရေတွင်းတွေလည်း ရေခမ်းခြောက်ကုန်တာကြောင့် တခြားဒေသတွေက ရေကို သယ်ယူရတဲ့ အတွက် စရိတ်စက ပိုကြီးမားနေတာပါ။
သာမန်ဆိုရင် တီဟီရန်မြို့အတွက် ရေ ၇၀ ရာခိုင်နှုန်းလောက်ကို ရေကာတာတွေက ပေးနေတာ ဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းကို မြေအောက်က ထုတ်ယူသုံးစွဲနေတာဖြစ်ပါတယ်။
ဒါပေမဲ့ မိုးရေချိန် လျော့နည်းပြီး အငွေ့ပျံမှု ပိုများလာတာကြောင့် ဆည်တွေရှိ ရေတွေကို မျှဝေ အသုံးပြုလာရသလို မြေအောက်ရေ ထုတ်ယူသုံးစွဲမှု အပေါ် ဖိအား ပိုများလာနေတာ ဖြစ်ပါတယ်။
Ref:The Guardian