ဆိုရှီ၊ အောက်တိုဘာ ၃
ရုရှားကို စက္ကူကျားလို့ ခေါ်ဆိုခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်အပေါ် သမ္မတ ဗလာဒီမာ ပူတင်က အောက်တိုဘာ ၂ ရက်မှာ ပြန်လည် ထိုးနှက် တိုက်ခိုက်ပြီး နေတိုးအဖွဲ့ဟာ စက္ကူကျား တစ်ကောင် ဖြစ်နိုင်ကြောင်း၊ ဥရောပက မိမိတို့ကို ရန်စနေတယ်လို့ ထင်မှတ်ရရင် အလျင်အမြန် တုံ့ပြန်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပရဲ့ လူအသေအပျောက် အများဆုံး စစ်ပွဲ ဖြစ်တဲ့ ယူကရိန်းစစ်ပွဲကြောင့် ၁၉၆၂ ကျူးဗား ဒုံးကျည် ပြဿနာ နောက်ပိုင်း ရုရှားနဲ့အနောက်တိုင်းကြား အကြီးမားဆုံး ထိပ်တိုက်တွေ့နေကြပြီး ရုရှားအရာရှိတွေက သူတို့ဟာ အနောက်တိုင်းနဲ့ အချင်းချင်း ရန်လိုနေကြတဲ့ အခြေအနေကို ရောက်ရှိနေပြီလို့ ပြောဆိုနေကြတာပါ။

ယူကရိန်း ရှေ့တန်း မျက်နှာစာ အားလုံးနီးပါးမှာ ရုရှားတပ်တွေ ထိုးဖောက်တိုက်ခိုက်နေကြပြီး အမေရိကန် ဦးဆောင်တဲ့ နေတိုးတစ်ဖွဲ့လုံး နီးပါးက ရုရှားကို ဆန့်ကျင် တိုက်ခိုက်နေကြပြီလို့ ပင်လယ်နက် အပန်းဖြေမြို့ ဆိုရှီမှာ ပူတင်က ပြောဆိုလိုက်တာပါ။
ယူကရိန်းအနေနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရယူရေး ရုရှားသိမ်းထားပြီး ဖြစ်တဲ့ နယ်မြေတွေကို လက်လွှတ်ပေးလိုက်သင့်တယ်လို့ အရင်က ပြောဆိုခဲ့ဖူးတဲ့ ထရန့်က အခုအခါ ယူကရိန်းအနေနဲ့ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ရုရှားဆီကနေ ပြန်ရနိုင်တယ်လို့ ပြောဆိုထားပါတယ်။

ရုရှားဟာ စက္ကူကျား တစ်ကောင် ဖြစ်တယ်လို့လည်း ထရန့်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ အာဝဇွန်းရွှင်ရွှင် ပြောဆိုခဲ့တာပါ။
ရုရှားကို စက္ကူကျားလို့ ခေါ်နေကြပေမယ့် မိမိတို့အနေနဲ့ နေတိုး တစ်ဖွဲ့လုံးနဲ့ တိုက်ခိုက်နေရတာတောင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ထိုးဖောက်တိုက်ခိုက်နေတယ်လို့ ပူတင်က ပြောပါတယ်။
မိမိတို့နဲ့ စစ်ရေးအရ ယှဉ်ပြိုင်ဖို့ ဆန္ဒရှိတဲ့ ဘယ်နိုင်ငံမဆို ကိုယ့်သဘောနဲ့ကိုယ် လွတ်လတ်လွတ်လပ် ယှဉ်ပြိုင်နိုင်တယ်လို့လည်း ပူတင်က တုံ့ပြန်ထားပါတယ်။
ယူကရိန်း စစ်တပ်မှာ လူအင်အား ပြတ်လပ်နေပြီး တပ်ကထွက်ပြေးသူတွေ ရှိနေချိန် ရုရှားစစ်တပ်မှာ စစ်သား အလုံအလောက်ရှိတာကြောင့် စစ်ပွဲ အဆုံးသတ်ရေး ယူကရိန်းက ညှိနှိုင်းသင့်တယ်လို့ ပူတင်က ပြောပါတယ်။
ရုရှားတပ်တွေက ယူကရိန်း နယ်မြေ ၁၉ ရာခိုင်နှုန်းကို ထိန်းချုပ်ထားကြောင်း ယူကရိန်း လိုလားတဲ့ မြေပုံ ဖော်ပြချက်တွေအရ သိရပါတယ်။
Ref:Reuters