မော်လမြိုင် ၊ အောက်တိုဘာ ၃
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က သူတို့ ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် ပြည်သူတွေ မဲစာရင်း လာကြည့်ဖို့ လိုက်လံနှိုးဆော်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် မဲစာရင်းတွေကို ပထမအကြိမ်အဖြစ် စက်တင်ဘာ ၃၀ ရက်နေ့ကနေ အောက်တိုဘာ ၁၃ ရက်နေ့အထိ ကပ်ထားမယ်လို့ ကြေညာထားတာပါ။
စစ်ကော်မရှင်ဘက်က မဲစာရင်း ကပ်ထားမယ့်ရက်ကို ကြေညာထားပေမယ့် ဒေသတွင်းမှာတော့ ပြည်သူတွေအနေနဲ့ စိတ်ဝင်စားမှု မရှိတာကြောင့် လာရောက် ကြည့်ရှုသူ မရှိသလောက်နည်းပါးနေပါတယ်။
ဒေသခံ လူငယ်တစ်ဦးကတော့ စစ်ကော်မရှင်ဟာ မဲစာရင်း လာရောက် ကြည့်ရှုဖို့အတွက် အသံချဲ့ စက်တွေနဲ့ နှိုးဆော်တာ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေကတဆင့် နှိုးဆော်တာအပြင် တစ်အိမ်ထောင်လျှင် တစ်ယောက်နှုန်း မဖြစ်မနေ လာကြည့်ဖို့ ပြောဆိုတာတွေ ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လက်ရှိ နှိုးဆော်တာတော့ အဲဒီမျိုးပေါ့။ ဒီဘက် ရွာဘက်ခြမ်း ရပ်ကွက်ဘက်ခြမ်းဆိုရင် အသံချဲ့စက်တွေနဲ့ အဲဒီလိုမျိုးပေါ့။ စာရင်းလာကြည့်ဖို့အတွက်ကို သူတို့ နှိုးဆော်ထားတယ်။ တချို့ ရပ်ကွက်တွေကျတော့ ဆယ်အိမ်မှူး ရာအိမ်မှူးကတဆင့် ပြီးတော့ နှိုးဆော်တာတွေ ရှိတယ်။ စာရင်းပါတဲ့သူတွေ စာရင်း ပေးကြည့်ဖို့ပေါ့။ သူတို့ စာရင်းတွေရုံးမှာ လာပေးကြည့်တာတို့ ဘာတို့တော့ ရှိတယ်။ တစ်အိမ်ထောင်စုမှာ တစ်ယောက်နှုန်းပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် မဲစာရင်း လာကြည့်ဖို့ စစ်ကော်မရှင် လက်အောက်ခံတချို့က ဖိအားပေးတာတွေ ရှိတဲ့အတွက် ဒေသခံတချို့က အရင်လို သေချာ မစိစစ်ဘဲ အဖြစ်သဘောလောက်သာ သွားရောက် ကြည့်ရှုတာရှိပြီး အများစုကတော့ စိတ်ဝင်စားမှု မရှိဘူးလို့ သူက ဆက်ပြောပါတယ်။
ဒေသခံ တစ်ဦးကတော့ စစ်ကော်မရှင်က မဲစာရင်း ကြည့်ဖို့ နှိုးဆော်နေပေမယ့် ပြည်ပရောက် လူစာရင်းအပြင် လူဦးရေစာရင်း တိတိကျကျ ထုတ်ပြန်တာ မရှိတဲ့အတွက် ရွေးကောက်ပွဲဟာလည်း ဘယ်ပါတီနိုင်နိုင် သူတို့အုပ်ချုပ်မှာ ဖြစ်တာကြောင့် မဲစာရင်း မကြည့်ဖြစ်ဘူးလို့ ပြောပါတယ်။
“သူ့မဲစာရင်းက သူတို့ လောလောဆယ် နိုင်ငံခြားမှာရှိတဲ့ လူဦးရေရယ် အသက်ရှင်မှုရှိတဲ့ လူဦးရေအရ သေသွားတာ ဘယ်နှယောက်လဲ အဲဒါမျိုးတွေ တိတိကျကျ ထုတ်ပြန်ခြင်းမရှိတဲ့အပေါ်မှာ အခုသူတို့ လုပ်မယ့် ရွေးကောက်ပွဲကရော ဘယ်လောက်ထိ သန့်ရှင်းပြီး ဘယ်လောက်ထိ လိမ်လည်မှု မရှိဘဲ ဘယ်လို ယှဉ်ပြိုင်မလည်း ဆိုတာကို စိတ်ဝင်စားမှု မရှိဘူး။ ဒီရွေးကောက်ပွဲလည်း ဘယ်ပါတီ နိုင်နိုင် သူပဲအုပ်ချုပ်မယ်လို့ ကျွန်တော်တို့ကတော့ ထင်တယ်” လို့ ဆိုပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ကတော့ ပထမအကြိမ်အဖြစ် ၁၄ ရက်ကြာ ကပ်ထားမယ့် မဲစာရင်းတွေကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုရှိ ကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ ကြည့်ရမှာ ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ကပ်ထားကြေညာနိုင်ခြင်း မရှိပါက သက်ဆိုင်ရာ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ ရုံးတွေမှာ မဲစာရင်း ကြည့်ရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မဲစာရင်း လာရောက် ကြည့်ရှုပြီး မိမိအမည် မဲစာရင်း မပါဝင်ပါက ပုံစံ ၃ နဲ့ အမည်စာရင်း ထည့်သွင်းပေးဖို့ တောင်းဆိုနိုင်တာ၊ မပါဝင်သင့်သူတွေ ပါဝင်ပါက ပုံစံ ၄ နဲ့ ကန့်ကွက်နိုင်တာအပြင် မဲစာရင်းမှာ ပါရှိတဲ့ အချက်အလက် မှားယွင်းနေပါက ပုံစံ ၄-ဂ နဲ့ ပြင်ဆင်လွှာတင်သွင်းနိုင်တယ်လို့ ဆိုထားပါတယ်။
အခုလို မဲစာရင်းနဲ့ ပတ်သက်ပြီး ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင်တာတွေ ဆောင်ရွက်ပြီးပါက နောက် ဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် စာရင်းကို လာမယ့် နိုဝင်ဘာလအတွင်း ထပ်မံ ကပ်ထားပေးမှာ ဖြစ်သလို လိုအပ်တဲ့ တောင်းဆို၊ ပြင်ဆင်၊ ကန့်ကွက်တာတွေကိုလည်း ထပ်မံ ဆောင်ရွက်နိုင်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI