မကွေး အောက်တိုဘာ ၃
မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အစပ်မှာ အာရက္ခတပ်တော် AA ၊ တော်လှန်ရေးအဖွဲ့နဲ့ စစ်ကော်မရှင် တပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် မင်းဘူးခရိုင်က ဒေသခံတွေ စိုးရိမ်မှုတွေရှိနေတယ်လို့ သိရပါတယ်။
လက်နက်ကြီး သံတွေနဲ့ လေကြောင်းပစ်ခတ်တဲ့ အသံတွေကို အောက်တိုဘာ ၁ ရက်က စတင်ကြားနေရတာဖြစ်ပြီး အောက်တိုဘာ ၂ ရက်နဲ့ ၃ ရက်မှာတော့ ပိုပြီး နီးနီးကပ်ကပ်ကြားလာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အဓိကကတော့ ဖြစ်လာရင် ဘယ်ကို ပြေးရမှန်းမသိဘူး။ အခုက နေ့ရော ညရော အသံတွေက တော်တော်ကပ်ကပ် ကြားနေရတယ်။ ပဒါန်းကိုရောက်နေပြီလို့လည်း ပြောကြတယ်။ ကျွန်တော်တို့နားမှာ ဖြစ်နေတယ်လို့ကိုထင်ရတယ်။” လို့ ပွင့်ဖြူဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတစ်ဦးကတော့ တိုက်ပွဲ ဖြစ်ပွားနေတာကို အတည်ပြုပြီး ပဒါန်းကို တော်လှန်ရေးအဖွဲ့တွေ ရောက်မရောက်ကိုတော့အတည်ပြုခြင်းမရှိသေးပါဘူး။
မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်အစပ်မှာ အခြေပြုလှုပ်ရှားနေတဲ့ PRA Magway ကတော့ ငဖဲမြို့နယ် နတ်ရေကန်ဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ အောက်တိုဘာ ၂ ရက်က ထုတ်ပြန်ထားပါတယ်။
အဲဒီ တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၂၇ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ PRA Magway က ဆိုပါတယ်။
မကွေးနဲ့ရခိုင်ပြည်နယ်အစပ် တိုက်ပွဲတွေအတွင်း ထွက်ပြေးနေတဲ့ စစ်ကောင်စီလက်အောက်ခံ ၃၀၀ ကျော်ထိရှိလာတယ်လို့ တော်လှန်ရေးအဖွဲ့တွေနဲ့နီးစပ်သူတွေက ပြောဆိုကြပြီး ချောက်မြို့နဲ့ စလင်းမြို့က စစ်ကူတွေကို အဲဒီ တိုက်ပွဲ ဖြစ်ပွားရာနေရာတွေကို စစ်ကော်မရှင်က ပို့ဆောင်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PRA Magway ထိန်းသိမ်းစောင့်ရှောက်ထားသော စစ်သုံ့ပန်းများ