နေပြည်တော် ၊ စက်တင်ဘာ ၃

နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်တပ်က သူတို့ပြန်လည်ဖော်ဆောင်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ပြည်သူ့လက်ထဲ အရောက်အပ်နှင်းတော့မယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ဥက္ကဌဖြစ်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်က အောက်တိုဘာ ၁ ရက်နေ့မှာ ကျင်းပတဲ့ ၆၁ ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဆိုခဲ့တာပါ။

ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးတဲ့နိုင်ငံတွေမှာ ရွေးကောက်ပွဲဟာ အဓိကအကျဆုံး ဒီမိုကရေစီကျင့်စဉ်တစ်ရပ် ဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို စတင်ကျင်းပတော့မယ်လို့ ဆိုပါတယ်။

ပြည်သူတွေ လိုလားတောင့်တခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်က ပြန်လည်ဖော်ဆောင်ခိုင်မာစေပြီး ပြည်သူ့လက်ကို အရောက်အပ်နှင်းတော့မှာဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်သူ့လုံခြုံရေးကို အလေးထားလုပ်ဆောင်ကြဖို့နဲ့ ပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းပေးကြဖို့ သူက တိုက်တွန်းတာပါ။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က စစ်ခေါင်းဆောင်ပြောတဲ့ စကားဟာ မြန်မာပြည်ရဲ့ အတွင်းသရုပ်နဲ့ ကြည့်ရင် စစ်အာဏာရှင်စနစ်ထဲကို သွင်းပြီးမှ သူတို့လိုချင်တဲ့ ပုံစံနဲ့ ပြည်သူကို ပြန်ချပေးတာလို့ သုံးသပ်ပါတယ်။

“မင်းအောင်လှိုင်ပြောတဲ့ စကားက နိုင်ငံရေးအရ ပြောရင် မှန်ကောင်းမှန်နိုင်တယ်။ဒါပေမယ့် မြန်မာပြည်ရဲ့ အတွင်းသရုပ်အနေနဲ့ ပြန်ကြည့်ရင် စစ်အာဏာရှင်စနစ်အောက်ထဲကို သွင်းပြီးမှ သူတို့လိုချင်တဲ့ ပုံစံကို ပြည်သူကို ပြန်ချပေးတာဖြစ်တယ်။အဲဒါကလည်း လူထုကောင်းစားရေးအတွက် မဟုတ်ပဲ စစ်အာဏာရှင်တွေ အာဏာဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့ အာဏာဆက်လည်ရပ်တည်နိုင်ဖို့ ပြုလုပ်တဲ့ ကိစ္စဖြစ်တဲ့အတွက် ဒါက နိုင်ငံရေးဖြစ်စဉ်လို့ ပြောလို့ မရတော့ပါဘူး။ဒါက အာဏာရူးတဲ့ အာဏာသိမ်း စစ်တပ်က ဦးဆောင်ပြီးလုပ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ခိုင်ဖို့ အခြေခိုင်ဖို့ ရာထူးမစွန့်ဖို့အတွက်လုပ်တဲ့ ထွက်ပေါက်ပဲလို့ ပြည်သူတစ်ရပ်လုံးက ယူဆပါတယ်”လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ တာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးကလွဲလို့ ကျန်ကိစ္စတွေမှာဝင်မပါတဲ့ ပရောဖက်ရှင်နယ်စစ်တပ်အဖြစ် အစားထိုးထူထောင်နိုင်မှသာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ အခြေခိုင်ပြီး အေး ချမ်းဖွံ့ဖြိုးတဲ့ လမ်းကြောင်းပေါ် ရောက်နိုင်မယ်လို့ သူက မှတ်ချက်ပြုပါတယ်။

ခေတ်အဆက်ဆက် စစ်အာဏာသိမ်းမှုတွေ ရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ ပြည်သူလူထုတွေဟာ စစ်တပ်အလိုကျ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရပ်သားအစိုးရစစ်စစ် အုပ်ချုပ်တဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရကို ၅ နှစ်လောက်သာ ခံစားခဲ့ကြရတာပါ။

လူထုရဲ့ ဆန္ဒနဲ့ မဲပေးရွေးချယ်ခဲ့ကြတဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်း မှု အကြောင်းပြချက်နဲ့ စစ်တပ်က နိုင်ငံ့အာဏာကို တစ်ကျော့ပြန်သိမ်းယူမှုဟာ ဒီမိုကရေစီစနစ်ကို ဆိတ်သုန်းစေခဲ့သလို ပြည်တွင်းစစ်ကို တွန်းပို့ခဲ့တယ်လိ့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ စစ်တပ်က နိုင်ငံရေးထွက်ပေါက်အဖြစ် လွတ်လပ်တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး‌ကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို နိုင်ငံ့အာဏာ လွှဲပြောင်းပေးသွားမယ်လို့ စစ်ခေါင်းဆောင်က အမြဲတစေ အသံကောင်းဟစ်နေတာပါ။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ပြောခွင့်ရ နိုင်ပီတာက မြန်မာပြည်ရဲ့ နိုင်ငံရေးနဲ့ အပြောင်းအ လဲကို စစ်တပ်ကသာ ဖော်ဆောင်ရမယ်ဆိုတဲ့ အစွဲအလမ်းမျိုး စစ်တပ်ထဲ ရှိနေပေမယ့် လက်တွေ့ မှာတော့ ပြည်သူတွေ လိုလားတောင်းတတဲ့ အပြောင်းအလဲမျိုးမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“စစ်တပ်မှာက ဘာစွဲလမ်းမှုတစ်ခုရှိလည်းဆိုတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးကို စစ်တပ်ကပဲ ဦးဆောင်ရမယ်။မြန်မာပြည်ရဲ့ နိုင်ငံ‌ရေးအပြောင်းအလဲကို စစ်တပ်ကပဲ ဖော်ဆောင်ရမယ်။ စစ်တပ်က လုပ်ပေးတဲ့ အပြောင်းအလဲက မြန်မာပြည်အတွက် အကောင်းဆုံးဖြစ်တယ်ဆိုတဲ့ စွဲလမ်းမှုမျိုးရှိ တယ်။အဲဒီတော့ အပြောင်းအလဲဆိုတဲ့နေရာမှာ ပြည်သူတွေ တကယ်လိုလားတောင်းတတဲ့ အပြောင်းအလဲမျိုးကသာလျှင် ပြည်သူအတွက် နိုင်ငံအတွက် အကောင်းဆုံးဖြစ်တယ်။စစ်အုပ်စုက သူ့စိတ်တိုင်းကျ လုပ်လိုက်တဲ့ အပြောင်းအလဲတစ်ခု ပါးစပ်ကပဲ ပြောပြီးတော့ လက်တွေ့မှာ တကယ်ဖြစ်မလာတဲ့ အပြောင်းအလဲမျိုးဆိုတာ ပြည်သူတွေ တကယ်လိုလားတောင်းတတဲ့ အပြောင်းအလဲမျိုး မဟုတ်ဘူး”လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ကနေ အသွင်ပြောင်းစစ်ကော်မရှင် ဦးဆောင် ကျင်းပမယ့် အထွေထွေရွေး ကောက်ပွဲမှာ ပြည်ထောင်စုတဝန်း စည်းရုံးမယ့် ပါတီ ၆ ခု နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့် ၅၁ ပါတီ ဝင်ပြိုင်ကြမှာပါ။

ပြည်ထောင်စုတဝန်း စည်းရုံးမယ့် စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်း ၁၀၄၈ ဦးအထိ အများဆုံးဝင်ပြိုင်မှာဖြစ်သလို စစ်တပ်က အရာရှိတချို့လည်း အငြိမ်းစားယူပြီး အဲဒီပါတီကနေ ရွေးကောက်ခံမှာ ဖြစ်ပါတယ်။

စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ တည်ဆဲနိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရထားကြပြီး ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် ပါတီတွေထဲမှာ အတိုက်အခံအင်အားကြီး နိုင်ငံရေးပါတီတွေ မပါဝင်ပါဘူး။

အထူးသဖြင့် ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာအရ မဲအများဆုံးအနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ ရခိုင်အမျိုးသားပါတီ APN တို့ ဖြစ်ပါတယ်။

ဒီလိုမျိုး ပြည်သူလူထုရဲ့ အသည်းကြားက မဲတစ်ပြားကို အရယူနိုင်ခဲ့ကြတဲ့ အတိုက်အခံအင်အားကြီး ပါတီတွေ မပါဝင်တဲ့ အထွေထွေရွေးကောက်ပွဲမှာ စစ်ခေါင်းဆောင်ကတော့ ပါတီစုံဒီမိုကရေစီစနစ်လို့ ကြွေးကြော်နေတာပါ။

နိုင်ပီတာကတော့ သဘောထားရှုထောင့်အစုံအလင်နဲ့ နိုင်ငံရေးခံယူချက် ကွဲပြားတဲ့ ပါတီတွေ မပါဝင်တာကြောင့် ပါတီအရေအတွက် များတာကလွဲရင် ပါတီစုံဒီမိုရေစီ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ထောက်ပြပါတယ်။

“စစ်အုပ်စုက လက်ရှိ ရွေးကောက်ပွဲမှာ ပေးဝင်ပြိုင်ထားတဲ့ ပါတီပေါင်း ၅၀ ကျော် ၆၀ လောက်က ကြည့်လိုက်လို့ရှိရင် သူတို့ကို ဆန့်ကျင်တဲ့ ပါတီ မပါဘူး။ သူနဲ့ သဘောထား တိုက်ဆိုင်တယ်။ သူ ပြောလို့ဆိုလို့ ရတယ်ဆိုတဲ့ သူကိုပဲ (ပါတီ) ထားတာ။ ဆိုတော့ ဒါက ပါတီများတဲ့ ရွေးကောက်ပွဲပဲ ဖြစ်တာပေါ့။ ပါတီစုံတဲ့ ရွေးကောက်ပွဲတော့ မဟုတ်ဘူး။ သဘောထား စုံလင်ကွဲပြားတဲ့ ရှုထောင့်စုံလင်တဲ့ နိုင်ငံရေးခံယူချက် စုံလင်ကွဲပြားတဲ့ ပါတီတွေ ဝင်ပြိုင်တဲ့ ရွေးကောက်ပွဲမဟုတ်ဘူး။ ဆိုတော့ ဒါက ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ မဟုတ်ဘူးပေါ့”လို့ ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အချက်အလက်တွေအရ လာမယ့် ဒီဇင်ဘာမှာ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းတဲ့ ကိုယ်စား လှယ်လောင်းပေါင်း ၅၀၂၃ ဦး ရှိတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေကြသူတွေ တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေကတော့ စစ်ကော်မရှင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင်လို့သာ သတ်မှတ်ထားကြပါတယ်။

ဒါကြောင့် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်လို့ ထိန်းချုပ်စိုးမိုးနယ်မြေအတွင်း ကျင်းပခွင့်ပြုမှာ မဟုတ်ဘူးလို့ သဘောထားကိုယ်စီ ထုတ်ပြန်ထားကြတာပါ။

ဒီအပေါ် စစ်ကော်မရှင်က အထွေထွေရွေးကောက်ပွဲကို ပျက်ပြားအောင် ဟောပြောလှုံ့ဆော် နှောင့် ယှက်ဟန့်တားတယ်ဆိုပြီး KNU နဲ့ ချင်းပြည်ကောင်စီက ခေါင်းဆောင်တွေအပါအဝင် AA အဖွဲ့တို့ကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.