ဝယ်လင်တန်၊ အောက်တိုဘာ ၂

မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို ဝယ်လင်တန်အစိုးရနဲ့ ပိုကျယ်ပြန့်တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကနေငြင်းပယ်ရေး နယူးဇီလန် အတိုက်အခံလွှတ်တော်အမတ်တွေရဲ့ ကိုယ်စားလှယ် တစ်ဦးက တိုက်တွန်းလိုက်ပြီး ဒီဇင်ဘာမှာ စပြီး ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ စစ်တပ်အုပ်ချုပ်မှု ဆက်လက် ရှည်ကြာစေဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

စစ်ပွဲကြောင့် ဒုက္ခရောက်နေကြတဲ့ မြန်မာပြည်သူတွေကို လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ပိုပေးဖို့လည်း နယူးဇီလန် အတိုက်အခံ လွှတ်တော်အမတ်တွေက တိုက်တွန်းထားပါတယ်။

ထိုင်း-မြန်မာ နယ်စပ်မှာ အချက်အလက် အမှန် ရှာဖွေရေး ၉ ရက်ကြာ ခရီးစဉ် ပြီးဆုံးပြီးနောက် ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ထိုင်းကလပ်အဖွဲ့မှာ စက်တင်ဘာ ၃၀ ရက်က နယူးဇီလန် လွှတ်တော် အမတ်တွေက အခုလိုမျိုး တိုက်တွန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နယူးဇီလန် လေဘာပါတီ လွှတ်တော်အမတ် ရာချယ် ဘွိုင်ယက်စ်က မြန်မာ့ပဋိပက္ခဟာ တခြား ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခတွေကြောင့် အများအာရုံစိုက် မခံရ ဖြစ်နေတယ်လို့ ပြောပါတယ်။

လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ပိုပေးဖို့ လိုနေပြီး မြန်မာနိုင်ငံထဲက အမှန်တကယ် အကူအညီ လိုအပ်နေသူတွေဆီ အကူအညီပေးရေး ပစ္စည်းတွေ ရောက်ရှိဖို့ အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။

စစ်ခေါင်းဆောင်တွေ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အထွေထွေ ရွေးကောက်ပွဲ မဟုတ်ဘဲ စစ်ခေါင်းဆောင်တွေအတွက် ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြည်ပရှိ မြန်မာ တက်ကြွလှုပ်ရှားသူတွေက ပြောကြားကြောင်း နယူးဇီလန် လွှတ်တော်အမတ်တွေက ဆိုပါတယ်။

စစ်ခေါင်းဆောင်တွေ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်တာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ပယ်ချရမယ်လို့ သူတို့က ပြောထားတာပါ။

မြန်မာ့ပြဿနာဟာ အာရှမှာ အမှန်တကယ် အဆိုးရွားဆုံး ပြဿနာ ဖြစ်ပြီး လူအများကြီး ထွက်ပြေး တိမ်းရှောင်ရမှုရဲ့ အဓိက အကြောင်းအရင်း ဖြစ်တယ်လို့လည်း နယူးဇီလန် လွှတ်တော်အမတ်တွေက ပြောပါတယ်။

တရုတ်ရဲ့ အကူအညီက စစ်ခေါင်းဆောင်တွေ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေမှာ ကြံရာပါလို ဖြစ်နေတယ်လို့လည်း ပြောဆိုထားတာပါ။

ဒါ့အပြင် အာဆီယံရဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီ ပေးမှုကို ထောက်ခံပေမယ့် အကူအညီ ပေးရာမှာ စစ်တပ်ထိန်းချုပ်မှုကို ရှောင်ရှားနိုင်ရမယ်လို့ ပြောပါတယ်။

နယူးဇီလန် အစိုးရအနေနဲ့ ရွေးကောက်ပွဲကို ငြင်းပယ်ပြီး လူသားချင်း စာနာထောက်ထားရေး အကူအညီ ပိုပေးဖို့နဲ့ မြန်မာ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ လွှတ်တော်အမတ်တွေက တိုက်တွန်း ပြောကြားထားပါတယ်။
Ref: Newsroom

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.