ဝါရှင်တန်၊ အောက်တိုဘာ ၂

ရန်ပုံငွေ ထောက်ပံ့ရေး လိပ်ခဲတည်းလည်း အခြေအနေကို လွှတ်တော်ထဲရှိ ဒီမိုကရက်တို့က သမ္မတ ဒေါ်နယ်ထရန့်နဲ့ မဖြေရှင်းဘဲ အိမ်ပြန်သွားခဲ့ပြီး အစိုးရကဏ္ဍ အလုပ်နေရာတွေကို ဖြုတ်ပစ်မယ်လို့ အိမ်ဖြူတော်က ခြိမ်းခြောက်ထားချိန်မှာ အမေရိကန်အစိုးရဌာနတွေ ပိတ်သိမ်းထားရမှု လျင်မြန်စွာ အဆုံးသတ်ရေး ကြိုးပမ်းမှုတွေ အောက်တိုဘာ ၁ ရက်က ပျက်ပြယ်သွားခဲ့ပါတယ်။

အစိုးရဌာနတွေ ဆက်လက် လည်ပတ်နိုင်ရေး သဘောတူညီမှုတစ်ရပ်နဲ့ ပတ်သက်လို့ ဒေါ်နယ်ထရန့်နဲ့ လွှတ်တော်အမတ်တွေ သဘောမတူညီနိုင် ဖြစ်ခဲ့ကြပြီးနောက် ဖက်ဒရယ် ရန်ပုံငွေ ထောက်ပံ့မှုဟာ အောက်တိုဘာ ၁ ရက် ညသန်းခေါင်က သက်တမ်း ကုန်ဆုံးခဲ့ ပါတယ်။

ဒါကြောင့် အစိုးရအေဂျင်စီတွေက ဝန်ဆောင်မှုတွေ လျှော့ချခဲ့ရပြီး အစိုးရ ကဏ္ဍ ဝန်ထမ်းတွေကို ထုတ်ပယ်ရဖို့ သေချာတယ်လို့ အိမ်ဖြူတော်က သတိပေးထားပါတယ်။

ဝင်ငွေနည်း မိသားစုတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု အမတော်ကြေးတွေ ဆက်ပေးဖို့ တောင်းဆိုထားတဲ့ အထက်လွှတ်တော် ဒီမိုကရက်တွေက အစိုးရဌာနတွေကို သီတင်းပတ်ပေါင်းများစွာ ပြန်ဖွင့်လှစ်နိုင်မယ့် အောက်လွှတ်တော်က အတည်ပြုထားပြီးသား ဥပဒေကြမ်းကို ရီပက်ဘလေကန်တွေ အတည်ပြုနိုင်အောင် ကူညီဖို့ ငြင်းပယ်ခဲ့ကြတာပါ။

ညှိနှိုင်းမှုတွေ ဆက်ရှိနေပေမယ့် အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုကို အောက်တိုဘာ ၃ ရက်သို့ ရွှေ့ဆိုင်းထားတာကြောင့် အလျင်အမြန် ဖြေရှင်းနိုင်ဖို့ မျှော်လင့်ချက်တွေ အချည်းအနှီး ဖြစ်သွားခဲ့ပါတယ်။

ဖက်ဒရယ် အလုပ်သမား ၇၅၀၀၀၀ လောက် အလုပ်ရပ်နားရနိုင်ပြီး သူတို့ အလုပ်ပြန်ဆင်းချိန်အထိ လစာ ရရှိကြမှာ မဟုတ်ပါဘူး။

စစ်တပ်နဲ့ နယ်ခြားစောင့် အေးဂျင့်တို့လို မရှိမဖြစ် လိုအပ်တဲ့ ဝန်ထမ်းတွေကတော့ လစာမရဘဲ အလုပ်ဆက်လုပ်ပေးကြရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အခု အမေရိကန်အစိုးရ ပိတ်သိမ်းရမှုရဲ့ အန္တရာယ်တွေဟာ အရင်က ပိတ်သိမ်းရမှုတွေထက် အန္တရာယ် ပိုများနေပါတယ်။

ထရန့်က အစိုးရဌာနတွေကို လျှော့ချပစ်ဖို့၊ ဝန်ထမ်းတွေ အများကြီးကို ထုတ်ပယ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အစိုးရဌာနတွေ လည်ပတ်မှု ရပ်ဆိုင်းသွားတာက ဝါရှင်တန်မှာ မကြာခဏ ဖြစ်လေ့ရှိပေမယ့် ဒါဟာ ထရန့်ရဲ့ ပထမ သမ္မတသက်တမ်းအတွင်း ၂၀၁၉ ခုနှစ်မှာ စံချိန်တင် ၃၅ ရက်က ရပ်ဆိုင်းသွားပြီး နောက်ပိုင်း ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.