လေးကေကော်၊ အောက်တိုဘာ ၂
ကရင်ပြည်နယ် လေးကေကော်မြို့သစ်မှာ စစ်ကော်မရှင်တပ်နဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အောက်တိုဘာ ၁ ရက်နေ့မှာ စစ်ကော်မရှင်တပ်က လေးကေကော်ဒေသထဲကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
KNLA တော်လှန်ရေးအင်အားစုတို့က သိမ်းယူထားတဲ့ မြဝတီမြို့ တောင်ဘက်ခြမ်းက လေးကေကော်မြို့သစ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကော်ရှင်တပ်က စက်တင်ဘာ ၂၁ ရက်နေ့ကတည်းက မြေပြင်ကနေ စစ်ကြောင်း ၃ ကြောင်းထက်မနည်း ထိုးစစ်ဆင်တိုက်ခိုက်လာတာပါ။
အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကော်မရှင်တပ်က မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ တပ်ရင်းကနေတစ်ဆင့် လက်နက်ကြီးတွေနဲ့ လေးကေကော်မြို့ထဲကို ပစ်ခတ်မှုတွေလုပ်ဆောင်နေတဲ့အပြင် လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာတွေ၊ ဒရုန်းအသုံးပြုပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။
လေးကေကော်မြို့ကို ပြန်ရရှိဖို့အတွက် စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်ဆင်မှုအတွင်း ကရင်နယ်ခြားစောင့်တပ် BGF က ဗိုလ်မှူးချုပ်မုတ်သုန်နဲ့ ဗိုလ်မှူးချုပ်တင်ဝင်းတို့ရဲ့ လက်အောက်ခံတပ်တွေက စစ်ကော်မရှင်တပ်နဲ့အတူ ပူးပေါင်းပြီး ပါဝင်တိုက်ခိုက်နေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပြပါတယ်။
တိုက်ပွဲအတွင်းမှာ လေးကေကော်မြို့က ရေကန်ကုန်းစခန်းကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီး မြို့ထဲကို စစ်ကော်မရှင်တပ်တွေ ဝင်ရောက်နေပြီလို့လည်း ဒေသခံသတင်းရင်းမြစ်က ပြောဆိုနေတာတွေရှိပြီး စစ်ကော်မရှင်နဲ့ KNLA တော်လှန်ရေးအင်အားစုတွေဘက်ကတော့ တိုက်ပွဲနဲ့ ပတ်သက်ပြီး ထုတ်ပြန်တာတွေ မရှိသေးပါဘူး။
လေးကေကော်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဟာ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင် တပ်သားသစ်အများအပြားကို အသုံးချပြီး မူးယစ်ဆေးတွေတိုက်ကြွေးကာ ရှေ့တန်းကနေစေလွှတ်ပြီး အသေခံတိုက်ခိုက်ခိုင်းနေတဲ့အတွက် တိုက်ပွဲအတွင်း စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အပုံလိုက် သေဆုံးနေတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်အချို့က အသိပေးထားပါတယ်။
တိုက်ပွဲကြောင့် လေးကေကော် ထီးမယ်ဝါးခီးနဲ့ အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေဆီ ထွက်ပြေးတိမ်းရှောင်နေရပြီး အစားအစာနဲ့ နေရာထိုင်ခင်းအတွက် အမိုးအကာလိုအပ်ချက်တွေရှိနေတယ်လို့ စစ်ရှောင်အရေးဆောင်ရွက်နေသူတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media