မော်လမြိုင် ၊ အောက်တိုဘာ ၂

မွန်ပြည်နယ်မှာ စစ်တပ်က အင်အားတိုးချဲ့ပြီး လုံခြုံရေးတိုးမြှင့်နေတဲ့အတွက် စစ်ကော်မရှင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ဆန့်ကျင်ရာမှာ အခက်အခဲစိန်ခေါ်မှုတွေ ရှိနိုင်တယ်လို့ တော်လှန် ရေးအဖွဲ့တာဝန်ရှိသူတချို့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ကျိုက်ထို၊သထုံ၊ဘီးလင်းအပါအဝင် သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ လုံခြုံ‌ရေးအတွက်ဆိုပြီး စစ်တပ်က မြို့ပေါ်အပါအဝင် မြို့နဲ့ နီးစပ်တဲ့ ကျေးရွာတွေမှာ ဝင်ရောက်လှည့်ပတ်နေတာပါ။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF သထုံခရိုင်တာဝန်ခံ ကိုအေးမင်းထွန်းက တော်လှန်ရေးအဖွဲ့တွေအားလုံးက စစ်ကော်မရှင် လုပ်မယ့် ရွေးကောက်ပွဲကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ဖျက်မှာဖြစ်လို့ အခက်အခဲရှိလည်း ရှိနိုင်တယ်လို့ ပြောပါတယ်။

“ဒီစစ်ကောင်စီက လုပ်မယ့် တရားမဝင် ရွေးကောက်ပွဲက ကျွန်တော်တို့ တော်လှန်ရေးတွေအနေနဲ့ကတော့ အဖွဲ့တွေအားလုံးက ဆန့်ကျင်တိုက်ဖျက်ဖို့ ပြောပြီးသားဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဘက်က ဆန့်ကျင်တိုက်ဖျက်မှုကို နည်းမျိုးစုံနဲ့ လုပ်ရမှာပဲ။ အဲဒီအတွက် အခက်အခဲရှိနိုင်တာလည်း ရှိမှာပေါ့”လို့ ဆိုပါတယ်။

ဒါပေမယ့် ဘယ်လိုအခက်အခဲလဲဆိုတာ ပြောမသွားခဲ့ပါဘူး။လက်ရှိ ပြည်နယ်မြောက်ပိုင်းက မြို့ နယ်တွေမှာ မြို့ပေါ်နဲ့ မြို့အစပ်ကျေးရွာတွေအတွင်း စစ်တပ်က လုံခြုံရေးတိုးမြှင့်တာတွေ ရှိလာတဲ့အတွက် နှစ်ဘက် စစ်ဆင်ရေးတွေ ကြမ်းတမ်းလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က အင်အား ၅၀ ကျော်ပါတဲ့ စစ်ကော်မရှင်လက်အောက်ခံ စစ်တပ်နဲ့ရဲ ပူးပေါင်းအဖွဲ့တွေဟာ သထုံမြို့နယ် ကရင်လေးဆိပ်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး ဒေသခံ အယောက် ၃၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောထားတာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနမှူး တလနိုင်က တောင်ပိုင်းရှိ ရေးနဲ့သံဖြူဇရပ်မှာလည်း ပြီးခဲ့တဲ့လအတွင်း တော်လှန်ရေးမဟာမိတ်တပ်တွေက တိုက်ပွဲတွေ တောက်လျှောက်ဖော်ဆောင်ပြီးနောက်ပိုင်း စစ်တပ်က အင်အားတိုးချဲ့လာတယ်လို့ ပြောပါတယ်။

“အရင်က ၁၀ ဂဏန်းပဲ ရှိတဲ့နေရာမှာ ရာဂဏန်းတွေ (တပ်ဖွဲ့ဝင်အင်အား) ဖြည့်တယ်။ နောက်တစ်ခုက အနင်းလို ရွာတွေမှာ ဝင်နေတယ်၊ ရွာထဲမှာကို လှည့်ပတ်ပြီး သွားလာနေတာ။ ပြောချင်တာ ပြည်သူ လူထုကို ကာဗာလုပ်ပြီးတော့ အင်အားဖြည့်တင်းတယ်။ အဲဒီလို ဝင်ထွက်သွားလာတာ ရှိတယ်။ဒါကတော့ အနင်းတစ်ခုတည်း မဟုတ်ဘူး။ ရေးတောင်ပိုင်း ရေးမြောက်ပိုင်း သံဖြူဇရပ်တောင်ပိုင်းဒေသတွေမှာ အဲဒီလိုပဲ သူတို့ အင်အားတွေ ပိုပြီး ဖြည့်တင်းတယ် တိုးချဲ့တယ် လူထုနဲ့ ကာဗာလုပ်တယ်ပေါ့”လို့ ဆိုပါတယ်။

စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဒီနှစ်ကုန်ပိုင်းနဲ့ နောက်နှစ်ဆန်းပိုင်းမှာ ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်ရှိ ၁၀ မြို့နယ်လုံးကို မဲဆန္ဒနယ်မြေတွေအဖြစ် သတ်မှတ်ထားတာပါ။

မွန်ပြည်နယ်အတွင်း လှုပ်ရှားနေကြတဲ့ လူမျိုးစုအခြေပြု လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအပါအဝင် ဒေသအခြေစိုက် PDF နဲ့ အခြားသော မဟာမိတ်တပ်တွေကတော့ သူတို့ ထိန်းချုပ်လှုပ်ရှားနယ်မြေအတွင်း ရွေး‌ကောက်ပွဲကျင်းပခွင့်ပြုမှာ မဟုတ်ဘူးလို့ အတိအလင်း ထုတ်ပြန်ထားကြပါတယ်။

တစ်ဘက်မှာ ကရင်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ BGF အပါအဝင် အပစ်ရပ်ထိုးထားတဲ့ DKBA နဲ့ KNU/KNLA PC တို့က စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအပေါ် အပြည့်အဝ ပူးပေါင်းကာကွယ်သွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပူးတွဲကြေညာထားတာပါ။

ဒီအပေါ် အဲဒီအဖွဲ့တွေဟာ ကရင်ပြည်နယ်အပြင် မွန်က ဒေသတချို့မှာလည်း လှုပ်ရှားနေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ရာမှာ စိန်ခေါ်ချက်တစ်ခုဖြစ်တယ်လို့ တလနိုင်က ပြောပါတယ်။

“တချို့သော မွန်ဒေသမှာ အခုနကပြောတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းသုံးဖွဲ့က လှုပ်ရှားနေတာတွေ ရှိတယ်။ ဆိုတော့ ဒါတွေကလည်း အခက်အခဲတွေ စိန်ခေါ်ချက်တွေ တစ်ခုဖြစ်တယ်။ နောက် ထပ် အခက်အခဲ စိန်ခေါ်ချက်တစ်ခုက သူတို့က အရပ်သားကို အကာအကွယ်ယူပြီး လှုပ်ရှားတဲ့ဟာပေါ့နော်။ဆိုတော့ အဲဒီအခြေအနေဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့က ရွေးကောက်ပွဲဆန့်ကျင်ရေး စစ်ဆင်ရေးတွေ ဖော်ဆောင်တဲ့ နေရာတွေမှာ ပြည်သူလူထုကို ထိခိုက်မှု မရှိအောင် ကျွန်တော်တို့ သေချာကိုင်တွယ်ပြီး ဂရုတစိုက်နဲ့ အလုပ်လုပ်ရတာမျိုးတွေ ရှိတယ်” လို့ ဆိုပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲကို အကောင်အထည်မဖော်နိုင်အောင် စစ်ရေးအရရော နိုင်ငံ‌ရေးအရပါ စိုးမိုးနယ်မြေတွေမှာ မဟာမိတ်တွေနဲ့အတူ တားဆီးသွားမှာဖြစ်တာကြောင့် လူထုထိခိုက်မှု အနည်းဆုံးဖြစ်စေမယ့် နည်းလမ်းတွေ သုံးပြီး ဆန့်ကျင်ကန့်ကွက်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကော်မရှင်ကတော့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ အတွက် မွန်ပြည်နယ်က မဲဆန္ဒရှင်စာရင်းတွေကို ပထမကြိမ်အဖြစ် စက်တင်ဘာ ၃၀ ရက်နေ့က စတင်ပြီး နှစ်ပတ်ကြာတဲ့အထိ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနဲ့ ရပ်ကျေးရုံးတွေမှာ ကပ်ထားပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ဒေသတွင်းနေ ပြည်သူလူထုတွေအနေနဲ့ အထွေထွေရွေးကောက်ပွဲအပါအဝင် မဲဆန္ဒရှင်စာရင်း ကပ်ထားမှုအပေါ် စိတ်ဝင်စားမှု မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.