မော်လမြိုင် ၊ အောက်တိုဘာ ၂
အာဏာသိမ်း စစ်ကော်မရှင်က သူတို့ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာချိန် Non CDM ဝန်ထမ်းတွေကို အောက်တိုဘာ ၁ ရက်နေ့ကစပြီး အပိုထောက်ပံ့ကြေး ထပ်မံခံစားခွင့် ပြုသွားမယ်လို့ ကြေညာပါတယ်။
ထောက်ပံ့ကြေးရသူတွေထဲမှာတော့ Non CDM ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ စစ်ကော်မရှင်တပ်က ဝန်ထမ်းတွေ၊ နေ့စားဝန်ထမ်းနဲ့ နေ့စားအလုပ်သမားတွေအပြင် အငြိမ်းစားဝန်ထမ်းတွေကိုပါ လစဉ် ခံစားခွင့်ပြုမယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာ ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေကို လစဉ်ကျပ်သုံးသောင်း ထောက်ပံ့ကြေးပေးမှာ ဖြစ်ပြီး နေ့စားဝန်ထမ်းနဲ့ နေ့စားအလုပ်သမားတွေကိုတော့ နေ့စဉ်လုပ်အားခကို အရင် ကျပ် ၆၈၀၀ ကနေ ကျပ် ၇၈၀၀ အထိ ထောက်ပံ့ပေး သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
CDM ဝန်ထမ်းတစ်ဦးကတော့ ထောက်ပံ့ကြေး တိုးပေးတာဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့အနေနဲ့ ဖြစ်ပြီး နောက်ဆက်တွဲ ပြဿနာကတော့ ကုန်ဈေးနှုန်း တက်လာတဲ့ ဒဏ်ကို ခံရနိုင်တယ်လို့ ဝေဖန်ပါတယ်။
“သုံးသောင်း တိုးပေးတာက ဒါကတော့ သူတို့ရဲ့ ရွေးကောက်ပွဲ ရှိတဲ့အခါကျတော့ သူတို့ကို မကလန်ရအောင်ပေါ့နော်။ မဲဆွယ်တဲ့အနေနဲ့ အတိုင်းအတာလေး အနည်းငယ်လေးပေါ့နော်။ အနံ့ပေးလိုက်တာပေါ့။ ချပေးလိုက်တာပေါ့။ ဒါပေမယ့် အဲဒီပိုက်ဆံနဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့ ကုန် ဈေးနှုန်း တက်တာတွေရော အကုန်လုံးပေါ့နော်၊ အကုန်လုံးတော့ ခါးစည်းပြီးခံရဦးမှာပဲ” လို့ ဆိုပါတယ်။
စစ်ကော်မရှင်ကတော့ Non CDM ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ စစ်ကော်မရှင်တပ်က ဝန်ထမ်းတွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ တစ်ကြိမ်၊ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ တစ်ကြိမ် ကျပ် သုံးသောင်းစီ ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ရာ အခု တတိယအကြိမ် ထပ်မံ အပိုထောက်ပံ့ကြေး ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေ့စားဝန်ထမ်းနဲ့ နေ့စားအလုပ်သမားတွေကိုလည်း အရင် တစ်နေ့ ၈ နာရီ လုပ်အားခအတွက် ကျပ် ၄၈၀၀ သတ်မှတ်ထားရာမှ အပို ထောက်ပံ့ကြေး တစ်ရက် ကျပ် ၁၀၀၀ ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ တစ်ကြိမ်၊ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ တစ်ကြိမ်နဲ့ အခု တတိယကြိမ်အဖြစ် အပို ထောက်ပံ့ကြေး တိုးပေးခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလို စစ်ကော်မရှင်က သူတို့ရဲ့ လက်အောက်ခံ Non CDM ဝန်ထမ်းတွေအပြင် အငြိမ်းစားဝန်ထမ်းတွေကိုပါ အပို ထောက်ပံ့ကြေးတွေ တိုးပေးနေပေမယ့် စစ်တပ်အာဏာသိမ်း ပြီးနောက် ဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ပါက ဘာမှထူးခြားမှု မရှိဘူးလို့ Non CDM ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေက ပြောကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI