ရေး၊ အောက်တိုဘာ ၂
မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ ကင်းအဖွဲ့ ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ အောက်တိုဘာ ၁ ရက်နေ့ မနက် ၉ နာရီအချိန်လောက်က အာယုတောင်ကျေးရွာ ဝါးကျောင်းဘုန်းကြီးကျောင်း တောင်အနီး ကင်းချထားတဲ့ စစ်ကော်မရှင်တပ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦး မျက်မြင်သေဆုံးခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်က လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်မှုကြောင့် သေနတ်တွေ မကောက်ယူနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
ပစ်ခတ်မှုပြီးနောက် စစ်ကော်မရှင် ကင်းအဖွဲ့ဟာ ရေးအခြေစိုက် အမှတ် ၃၄၃ ခြေမြန်တပ်ရင်းထံ ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာအနီး ဘူတာရုံမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦး သေဆုံးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ရေးဘီလူးအဖွဲ့