ရေဖြူ၊ အောက်တိုဘာ  ၂

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရေနက်ဆိပ်ကမ်းဧရိယာထဲကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကျေးရွာ ၆ ရွာက ဒေသခံတွေ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့ကစပြီး လောင်းလုံးမြို့နယ်အခြေစိုက် တပ်ရင်းတွေကနေ အင်အားအများအပြားပါတဲ့ စစ်ကော်မရှင်တပ်ဟာ ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းဧရိယာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီစစ်ကော်မရှင်စစ်ကြောင်းဟာ လောင်းလုံးမြို့နယ်ကနေတဆင့် မောင်းမကန်နယ်မြေရဲစခန်းကို ရောက်ရှိလာပြီး အဲဒီကနေတဆင့် ပန်းတအင်း၊ ပိန်းရှောင်၊ ညောင်ပင်ဆိပ်၊ မူးဒူးစတဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးလာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကော်မရှင်တပ်ရဲ့ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းပတ်ထိုးနေတာကြောင့် ပန်းတအင်း၊ ပိန်းရှောင်၊ ညောင်ပင်ဆိပ်၊ မူးဒူး၊ ဧကနိ၊ ခမောက်ချောင်းစတဲ့ အနည်းဆုံး ကျေးရွာခြောက်ရွာက ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါအပြင် ထွက်ပြေးတိမ်းရှောင်တဲ့အခါမှာလည်း ပိုက်ဆံအပါအဝင် စားနပ်ရိက္ခာတွေကိုလည်း ယူခင်တဲ့လူရှိသလို မယူခင်တဲ့လူတွေလည်းရှိနေတာကြောင့် အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရပြီး လက်ရှိမှာ နီးစပ်ရာတောတောင်တွေမှာပဲ ဖြစ်သလို တိမ်းရှောင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာချိန် ပြေးလို့မခင်ဘဲ ကျန်ရှိနေတဲ့ ညောင်ပင်ဆိပ်ကျေးရွာက မျက်လုံးသိပ်မမြင်တဲ့ အမျိုးသားတစ်ဦးကို စစ်ကော်မရှင်တပ်သားတွေက ဖမ်းဆီးထားပြီး ပိုက်ဆံ၊ ရွှေနဲ့ ဖုန်းတွေကိုပါ သိမ်းယူတာ ရှိတယ်လို့ ဆိုပါတယ်။

မနေ့ ညပိုင်းအထိ စစ်ကော်မရှင်တပ်ဟာ မူးဒူးကျေးရွာဘုန်းကြီးကျောင်းနဲ့ ကျေးရွာအတွင်းရှိ အိမ်ကြီးအိမ်ကောင်းတွေမှာ တပ်စွဲထားတယ်လို့ မူးဒူးဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ရေနက်ဆိပ်ကမ်းဧရိယာကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ဧကနိကျေးရွာအနီးမှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်က ဧကနိကျေးရွာက နေအိမ်လေးလုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.