တနင်္သာရီ၊ အောက်တိုဘာ ၂

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၂၈၀ ခြေလျင်တပ်ရင်းက စစ်မှု ထမ်းသင်တန်းဆင်း တပ်သားလေးဦး ထွက်ပြေးလာပြီး အလင်းဝင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

ခလရ ၂၈၀ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်ကော်မရှင်တပ်သားလေးဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ ထွက်ပြေးလာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၄) တပ်ရင်း (၁၁) ထံ အလင်းဝင်ခဲ့တာပါ။

အလင်းဝင်လာတဲ့ တပ်သားလေးဦးဟာ အာဏာသိမ်းစစ်ကော်မရှင်တပ်ရဲ့ စစ်မှုထမ်းဥပဒေနဲ့ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခံရပြီး စစ်မှုထမ်းသင်တန်းတက်ရောက်ခဲ့ကာ တနင်္သာရီအခြေစိုက် ခလရ ၂၈၀ တပ်ရင်းကို ပို့ဆောင်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် ခလရ ၂၈၀ တပ်ရင်းမှတဆင့် သိန်းခွန်းကျေးရွာဘက်ကို ရှေ့တန်းပို့ဆောင်ခံရချိန် လက်နက်မပါပဲ ထွက်ပြေးလာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၁၁) ထံကို အလင်းဝင်ခဲ့တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့ကလည်း ပလောက်အခြေစိုက် တိုင်းဗဟို အမှတ် ၁၂ လေ့ကျင့်ရေးသင်တန်းကျောင်းက တပ်သားသစ် စုဆောင်းခံရတဲ့ လူငယ် ၇ ဦး ထွက်ပြေးလာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ထံ အလင်းဝင်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.