နေပြည်တော် ၊ စက်တင်ဘာ ၃၀
လေးနှစ်ကျော်သက်တမ်းကို ရောက်ရှိလာပြီဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြား ရေးဝန်ကြီးဌာ နရဲ့ အဓိက လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ အာဏာသိမ်း စစ်အုပ်စုကို အသိအမှတ်မပြုစေရေးဟာ ခရီးမပေါက်သေးဘူးလို့ BNI – Myanmar Peace Monitor က စက်တင်ဘာ ၂၈ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဦးဆောင်တဲ့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနဟာ တော်လှန် ရေးကာလ မဟာဗျူဟာနည်းလမ်း ၆ ရပ်ထဲက နိုင်ငံခြားရေးနည်းလမ်းဟာ နံပါတ် ၂ ဦးစားပေးနေရာမှာ ပါဝင်တယ်လို့ NUG ရဲ့ နိုင်ငံခြားရေးဗျူဟာ ဆန်းစစ်ချိန်တန်ပြီဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
သံခင်းတမန်ခင်းစာမျက်နှာလို့ ဆိုရမယ့် NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ခြေလှမ်းတွေဟာ အမေရိကန်အပါအဝင် အနောက်ဥရောပနိုင်ငံတွေရဲ့ ထိတွေ့ဆက်ဆံမှု အသိအမှတ်ပြုမှုတွေအပြင် မလေးရှားဝန်ကြီးချုပ်ဦးဆောင်တဲ့ အာဆီယံရဲ့ လူသိရှင်ကြား ထိတွေ့ဆက်ဆံမှုကိုပါ ရရှိခဲ့လို့ အတိုင်းအ တာတစ်ခုအထိ အောင်မြင်မှု ရရှိခဲ့တယ်လို့ ယူဆနိုင်ပါတယ်။
ဒါပေမယ့် အဲဒီနိုင်ငံတွေ အဲဒီနိုင်ငံတကာအဖွဲ့အစည်းတွေကပဲ စစ်အုပ်စုနဲ့ မမြင်ကွယ်ရာတမျိုး လူ မြင်ကွင်းရှေ့ တဖုံ နည်းလမ်းမျိုးစုံနဲ့ ထိတွေ့ဆက်ဆံနေကြလို့ NUG နိုင်ငံခြားရေးဌာနရဲ့ အာဏာ သိမ်း စစ်အုပ်စုကို အသိအမှတ်မပြုစေရေးလုပ်ငန်းစဉ်ဟာ ခရီးမပေါက်သေး မထိရောက်သေးဘူးလို့ BNI – Myanmar Peace Monitor က သုံးသပ်ထားတာပါ။
နိုင်ငံတကာအသိုင်းအဝိုင်းကနေ ဖယ်ကျဉ်ခံထားရတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ အိမ်နီးချင်းတရုတ်အစိုးရရဲ့ အထောက်အကူတွေ ရယူကာ အာဆီယံအပါအဝင် နိုင်ငံတကာအဝန်းအဝိုင်းအတွင်း ခြေဆန့်လာနေသလို ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရအတွင်း အသိအမှတ်ပြုခံရရေး ကြိုးပမ်းနေပါတယ်။
ဒါ့အပြင် ထိုင်း၊လာအို၊အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေကိုလည်း လက်တန့်ဖြန့်ကာ NUG အစိုးရအပါအဝင် သူတို့ကို ဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုတွေကိုလည်း နည်းလမ်းမျိုးစုံနဲ့ ဖိအားပေးနေတာ တွေ့ရပါတယ်။
အရှေ့တီမောအစိုးရရဲ့ NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုကာ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ခဲ့ပေမယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် အာဏာသိမ်း စစ်အုပ်စုနဲ့ မြန်မာနိုင်ငံအထိ လာရောက်တွေ့ဆုံပြီး အစိုးရအဆင့် ရှောင်လွှဲလို့မရနိုင်တဲ့ ထိတွေ့ဆက်ဆံမှုတွေဟာ NUG နိုင် ငံခြားရေးဝန်ကြီးဌာနအတွက် သင်ခန်းစာယူစရာ ဖြစ်လာတယ်လို့ အစီရင်ခံစာက ထောက်ပြပါတယ်။
ဒါကြောင့် NUG နိုင်ငံခြားရေးဝန်ကြီးဌာနဟာ NUG အစိုးရအပါအဝင် တော်လှန်ရေးအင်အားစုအားလုံးရဲ့ နိုင်ငံရေး စစ်ရေး အုပ်ချုပ်ရေး ဘဏ္ဍာရေးနဲ့ လူထုဆက်ဆံရေး စတဲ့ စစ်မျက်နှာအားလုံးရဲ့ ရုပ်ပြအစုံကို နိုင်ငံတကာမျက်နှာစာမှာ ခင်းကျင်းပြသကာ နိုင်ငံတကာအစိုးရတွေ အဖွဲ့အစည်းတွေရဲ့ အလေးပေးမှုရရှိဖို့ ကြိုးပမ်းရမယ်လို့ ဆိုပါတယ်။
ဒ့ါအပြင် စစ်အုပ်စုရဲ့ ဖိအားပေးအကျပ်ကိုင်မှုကနေ မလွတ်မြောက်နိုင်သေးတဲ့ နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးကြတဲ့ ပြည်ပရောက်မြန်မာပြည်သူတွေရဲ့ အရေးကိစ္စတွေကိုလည်း တာဝန်ယူဖြေရှင်းပေးနိုင်ရေး ကြိုးပမ်းရလိမ့်မယ်လို့ BNI – Myanmar Peace Monitor က အကြုံပြုထားတာပါ။
တစ်ဘက်မှာ တရုတ်၊ အိန္ဒိယ၊ ထိုင်း စတဲ့ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာအစိုးရတွေဟာ အကျိုးစီးပွားတွက်ချက်ကာ စစ်အုပ်စုဘက်မှာ အလေးသာတဲ့ ထိတွေ့မှုတွေ ပြုလုပ်နေကြတဲ့အပြင် ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ထောက်ခံဖို့ အသင့်ဖြစ်နေကြပြီလို့ ဆိုပါတယ်။
ကမ္ဘာ့နိုင်ငံရေးအရွေ့အပြောင်းတွေကြားမှာ မြန်မာ့အရေးအပေါ် အလေးပေးမှုဟာ သိသာစွာ လျော့ကျလာနေပြီး နိုင်ငံတကာအစိုးရတွေရဲ့ ပြည်တွင်းနိုင်ငံရေးအခင်းအကျင်းတွေနဲ့ ဦးစားပေးမှုအပြောင်းအလဲတွေကို မူတည်ကာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ လက်တွေ့ကျတဲ့ ချဉ်းကပ်မှုအသစ်တွေ ပြန်လည်ဆန်းစစ်ရတော့မယ်လို့ အကြုံပြုထားတာ ဖြစ်ပါတယ်။
အထူးသဖြင့် တော်လှန်ရေးအင်အားစုအားလုံးရဲ့ ညီညွတ်ခြင်းပြရုပ်ကို နိုင်ငံတကာအဝန်းအဝိုင်းအတွင်း ခင်းကျင်းရတဲ့အတွက် တော်လှန်ရေးအင်အားစုအားလုံးရဲ့ စုစည်းမှုခွန်အားကို ထင်ဟပ်စေဖို့လည်း အထူးလိုအပ်တယ်လို့ BNI – Myanmar Peace Monitor က အစီရင်ခံစာမှာ အကြုံပြုတိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NUG